Friday, October 27, 2017


[Zawgyi]



ရိုးလူ

[Unicode]

ဘယ်လောက် အေးစက်နေမယ်လို့ ထင်လဲ

ဘာမှ မလုပ်ချင်တော့သလို
ကိုယ့်ကိုယ်ကို ချောင်လေးတစ်ချောင်ထဲမှာ ခွေခေါက်သိမ်းဆည်းထား။
ချောင်ထဲက မျက်လုံးလေးတစ်စုံနဲ့။
အင်္ဂတွေတွေ အဖတ်လိုက် အဖတ်လိုက် ကွာကျနေတဲ့ နံရံကြီးကို ဂစ်တာတီးပြီး သီချင်းဆိုပြနေရတာ...
ဘယ်လောက် အေးစက်နေမယ်လို့ ထင်လဲ။
ရိုးလူ

Paradox 2

Paradox 2 

ဒီမှာဘက်မှာ Pre wedding photo တွေကြည့်ပြီး ကြည်နူးတုန်း
ဟိုမှာဘက်မှာ ကားမီးလောင်လို့တဲ့၊စက်နဲ့ မတော်တဆညပ်မိလို့တဲ့၊သေခြင်းဆိုးမှုတွေနဲ့။
ဟိုဘက်က လူဆီက ဒူးတုပ်ပြီး မေတ္တာတစ်ပေါက် အောက်ကျနောက်ကျတောင်းနေချိန်မှာ
ဒီဘက်က လူရဲ့ ဂရုစိုက်မှု၊အကြင်နာတရားကို ခြေသုတ်ဝတ်လို သုတ်လား သုတ်မိနေရဲ့။
ပရဟိတသတင်းတွေကြားလို့ သွေးကြောထဲက အားပေးဂုဏ်ယူတုန်း
ဘတ်စ်ကားမှတ်တိုင်မှာ အရူးမတစ်ယောက် ကိုယ်ဝန်ကြီးနဲ့ အိပ်နေတာ မြင်ရတော့ ဒီအရပ်မှာ နေရတာပဲ အော်ဂလီဆန်လာခဲ့။
သိပ်တော်တဲ့ လူကလေးဖြစ်ချင်လို့ သိပ်ပျော်တဲ့ ဘဝကို လွှတ်ချခဲ့ရ။
နံရံပေါ်က သူမပုံကို ဓားနဲ့ပေါက်နေမိပြီး ၊
ပေါက်သွားတဲ့ စက္ကူတွေပြန်ကြည့် တဖွဖွပွတ်သပ်ပြီး စိတ်မကောင်းကြီးစွာနဲ့ မျက်ရည်ကျလို့ ကျရရဲ့။
"လူလေး မင်းဟာ အရူးလေးပဲ"လို့ ဖွားဖွားဒီတစ်ခါပြောရင် ကျွန်တော်ငြင်းမိမှာ မဟုတ်တော့။ သောက်တလွဲတွေများတဲ့၊ အတွင်း အပြင်လွန်ဆွဲအားပြိုင်မှုတွေများတဲ့ ဒီကမ္ဘာမှာ ကျွန်တော်တို့မှ မရူးရင် ဘယ်သူမှ ရူးမှာ မဟုတ်တော့။
ရိုးလူ

Saturday, February 4, 2017

ချင်းတောင်တန်းတစ်နေရာက ရေးတဲ့စာ (၁)


မြင့်မားဝေးခေါင် ချင်းတောင်တန်းတစ်နေရာက ဒီစာကို ငါရေးလိုက်တယ်။ အဝေးတစ်နေရာက နွယ်ပင်လေးလည်း ကောင်းစွာ ရစ်ခွေ အိပ်စက်နိုင်ပါစေ။
မြူခိုးများ၊ ကြယ်များ၊မသေချာသော မနက်ဖြန်များ၊ စီးကရက်မီးခိုးငွေ့များ၊ မင်းကို ချစ်သော သခါင်္ရတရားများ ကျောပိုးသယ်ဆောင် ဒီတောင်ထိပ်ဆီ ငါခရီးဆက်ခဲ့တယ်။
တောင်ဇလပ်များ၊ တိုင်းရင်းသားတိုင်းရင်းသူအပြုံးများ၊အေးမြတဲ့ လေတွေကို ထုပ်ပိုးမှုန်ဝေ ဒီတောင်ခြေဆီ ငါ ဆင်းသက်ခဲ့မယ်။

ရိုးလူ

ကမ္ဘာကြီးက ခြောက်သွေ့ပြီး မီးလောင်ပြင်တစပဲ။

ကမ္ဘာကြီးက ခြောက်သွေ့ပြီး မီးလောင်ပြင်တစပဲ။
နောက်တော့ နည်းနည်း နေသားကျလာတယ်၊ စိမ်းစိမ်းလန်းလန်းမဟုတ်ပေမယ့်လည်း။
သူ့ကို တွေ့ရှိတယ် ဒီရွက်ကြွေတွေ တောမှာ တစ်ခုတည်းသော ရွက်သစ်လေးလို။ စမ်းရေတွေ ပြန်စီးစပြုလာတယ်၊ ငှက်တွေ ပြန်တေးဆိုကြတယ်၊ နေရောင်ခြည်နွေးနွေးကို ပြန်ရတယ်၊ လေနီကြမ်းတွေကနေ လေပြည်လေညှင်းတွေ အဖြစ် ပြောင်းသွားတယ်။ သစ်သီးတွေ ပိုချိုလာတယ်။ ဒီလိုလေးပဲ အေးအေးဆေးဆေးပဲ နေချင်လို့ လူငယ်လေးတစ်ယောက်ဟာ ဘုရားမှာ ဆုမတောင်းစဖူး ဆုတောင်းတယ်။ သူ့မှာ ရှိတဲ့ ဥာဏ်ပညာ၊ခွန်အား အကုန်ပေးပါ့မယ်၊ ဒီလိုလေးပဲ ဆက်ငြိမ်းချမ်းခွင့်ပေးပါပေါ့။ ဆုတောင်းပြည့်ခဲ့တယ် ထင်တယ်။
လျှောက်လာတဲ့ လမ်းတစ်လျှောက် တော်တော်ကြီးရောက်မှ ဗြုန်းဆို လက်တွဲဖြုတ်သွားခဲတဲ့ အခါ ဘုရားသခင်ဟာ ကြည့်နေရက်ခဲ့တယ်။ လမ်းတွေဟာ ပိုကြမ်းလာတယ်၊ လူငယ်လေးဟာ အဲဒီလက်လေးကို ဖမ်းဆွဲတယ်၊ အခိုးအငွေ့ကို ဖမ်းဆုပ်ရသလိုမျိုးပဲမို့ မမီပါဘူး။
သူကျန်ခဲ့တယ်၊ဒါမှ မဟုတ် သူနေခဲ့တယ်။ သူကျန်နေခဲ့ရပါတယ်။
တောပန်းတောင်ပန်းတွေ ပွင့်နေပေမယ့် ဆူးချုံပန်းခက်တွေ ငုံထားတယ်။ စမ်းရေမစီး၊ငှက်ကျေးသံတွေ မကြားရတော့ဘူး။ နေရောင်ဟာ တောင်ကွယ်ဆီ မေးတင်လာပြီ၊ ရွက်ကြွေတွေ ပြန့်ကြဲလို့။
နောက်ဆုံးအခြေအနေရောလို့ မေးရင် အပေါ်ဆုံးစာကြောင်းနဲ့တင် လုံလောက်ပါတယ်။

ရိုးလူ
16.1.2017
1:37pm

Sunday, January 8, 2017

အလင်းဆိုင်

အလင်းဆိုင်
========

"အိမ်ပြန်ချင်တယ် ဟူး ဟူး၊အနွေးထွေးဆုံး အမေ့အိမ်"
ကိုငှက်ရဲ့ သီချင်းတွေ လွင့်ပျံလို့။
အလင်းဆိုင်တဲ့၊ ကြားရတာနဲ့ကို နွေးနွေးလင်းလင်းလေး။
ဘယ်မှာ ရှိသလဲ၊သွားမယ်၊ မြို့ထဲကနေတော့ တစ်နာရီခွဲလောက် သွားရမယ်။ မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ ရှိတဲ့ ဆိုင်လေး၊ အဓိပတိ အဝါတို့၊ ၁၇၄တို့၊ ၂၁၃ တို့ ပြေးတဲ့ လမ်းကြောင်းပေါ်။
ဆိုင်ထဲကို ဝင်တဲ့ အခိုက်မှာပဲ၊ အရာရာဟာ ဖမ်းစားလွန်း။ နံရံအပြည့် ပန်းချီကားတွေ၊ ကဗျာလက်ရေးမူတွေ။ ရှေ့အဝင်မှာ ကိုငှက် (ထူးအိမ်သင်)က ချစ်ခြင်းအားဖြင့် ပြုံးပြလို့။ ဆိုင်တည်ဆောက်ပုံကကို အနုပညာဆန်တာ။ သစ်သားစားပွဲ၊ကုလားထိုင်လေးတွေပေါ် ထိုင်ပြီးတဲ့ အထိ ကိုယ်တို့မှာ ခေါင်းခါခါ လည်ခါခါ၊ မြင်မြင်သမျှက ပြုစားထားသလိုမျိုး။
Menu ကြည့်တော့ coffee မျိုးစုံရတယ်၊ iced coffee ရတယ်၊ juices တွေ ရတယ်။ လက်ဖက်သုပ်၊ပဲခြမ်းသုပ်စတာမျိုးရတယ်၊ ကြက်ကြော်၊ sandwich စတာမျိုးလည်း ရတယ်။ ဈေးတွေလည်း ချိုတယ်။ အလင်းဆိုင်ကော်ဖီဆိုတာ စမ်းသောက်ကြည့်ကြ။ coffee တစ်ခွက်နဲ့ ကိုငှက်သီချင်းတွေနဲ့ ပျော်ဝင်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းနေနေကြ။
ပြီးတော့မှ သေချာ ဆိုင်တစ်ပတ်ပတ်ကြည့်ပြီး ခံစား၊ တစ်ချို့ဟာတွေက ဓာတ်ပုံရိုက်ဖို့ မဟုတ်၊ ဒီတိုင်း ရင်သပ်ရှုမောခံစားနေတာ ပိုကောင်းရ။ ဆရာတာရာမင်းဝေ၊ ဆရာ သစ္စာနီတို့ရဲ့ ကဗျာတွေ၊ ကိုငှက်ပုံတူ ပန်းချီတွေ၊ ကိုငှက်ရဲ့ အငွေ့အသက်တွေ၊ ပန်းချီကားတွေ တစ်ချပ်ပြီး တစ်ချပ်။ ဆိုင်ထောင့်က စာအုပ်စင်လေးက စာအုပ်လည်း ယူဖတ်နိုင်၊ ဘယ်လို idea နဲ့ ဘယ်လို စေတနာမျိုးလဲ၊ ကိုယ့်မှာ ကျေးဇူးတင် အံ့သြရ။
ဆိုင်ရဲ့ ညာဘက်ခြမ်းဟာ မီးရောင်ပြာလဲ့လဲ့နဲ့ အေးစက်ညင်သာ၊ ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းဟာ သဘာဝအလင်းရောင်နဲ့ နွေးထွေးဖြာကျ။ စနေ၊တနင်္ဂနွေ မှာ တီးဝိုင်းနေရာလေးမှာ တီးကြ၊ဆိုကြသေးသတဲ့။ ဝါသနာပါတဲ့ သူတွေ အကြိုက်ပဲ။
ရှေးက ရှားပါးဇာတ်ကား ပိုစတာတွေ၊ လက်မှုပစ္စည်းတွေက ထပ်ခံစားရနိုင်တဲ့ အပိုဆု။
ကုန်ကုန်ပြောရရင်ကွယ်၊ မြို့ပြရဲ့ ဆူညံပွက်လောင်မှုတွေက ခဏပြေးချင်သူတွေအတွက် နှစ်မြုပ်ရင် နှစ်မြုပ်နိုင်သလောက် အချိန်တွေ ဘယ်လောက်ကုန်သွားမှန်း မသိစေတဲ့ နေရာတစ်ခု၊ အဲ့ဒါ အလင်းဆိုင်။

#ရိုးလူ



မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

==============================
နှစ်ယောက်ပေါင်းရေးမယ့် အိပ်မက်တွေ ရှိတယ်။
ဘယ်လိုဝေးဝေး၊ ဘယ်လို ခြားခြား 
ငါတို့ဟာ တစ်ချိန်မှာတော့ တသားတည်းပါပဲ။
မနက်ခင်းရဲ့ ကော်ဖီတစ်ခွက်လို၊
သိပ်ကောင်းတဲ့ စာတစ်ရွက်လို
ငါတို့တွေ တစ်ယောက်ကို တစ်ယောက် နှစ်ခြိုက်စွဲလမ်းစွာ မော့သောက်ဖတ်ရှုကြ။
ဘဝချင်း ဝေးသွားတဲ့ အခါ အရာရာဝေးသွားနိုင်တယ်လို့ ထင်ပါသလား။
မှားပါတယ်။
စိတ်အလိုအရဆို ကောင်းကင်မှာ တူစုံလင်းတဲ့ ကြယ်လည်း ဖြစ်နိုင်ရဲ့။
မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

Wednesday, January 4, 2017

Paradox (1)

Paradox (1)
ချစ်လားမေးရင်
မချစ်ဘူးလို့ ကောက်ကာငင်ကာ ဖြေထည့်ပစ်လိုက်တာချည်း။
ဟုတ်ကဲ့။
ဒီလိုနည်းနဲ့ ကျွန်တော် သူ့ကို အကြိမ်ကြိမ်သတ်ခဲ့ပါတယ်။
#ရိုးလူ