Showing posts with label Food Reviews. Show all posts
Showing posts with label Food Reviews. Show all posts

Sunday, January 8, 2017

အလင်းဆိုင်

အလင်းဆိုင်
========

"အိမ်ပြန်ချင်တယ် ဟူး ဟူး၊အနွေးထွေးဆုံး အမေ့အိမ်"
ကိုငှက်ရဲ့ သီချင်းတွေ လွင့်ပျံလို့။
အလင်းဆိုင်တဲ့၊ ကြားရတာနဲ့ကို နွေးနွေးလင်းလင်းလေး။
ဘယ်မှာ ရှိသလဲ၊သွားမယ်၊ မြို့ထဲကနေတော့ တစ်နာရီခွဲလောက် သွားရမယ်။ မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ ရှိတဲ့ ဆိုင်လေး၊ အဓိပတိ အဝါတို့၊ ၁၇၄တို့၊ ၂၁၃ တို့ ပြေးတဲ့ လမ်းကြောင်းပေါ်။
ဆိုင်ထဲကို ဝင်တဲ့ အခိုက်မှာပဲ၊ အရာရာဟာ ဖမ်းစားလွန်း။ နံရံအပြည့် ပန်းချီကားတွေ၊ ကဗျာလက်ရေးမူတွေ။ ရှေ့အဝင်မှာ ကိုငှက် (ထူးအိမ်သင်)က ချစ်ခြင်းအားဖြင့် ပြုံးပြလို့။ ဆိုင်တည်ဆောက်ပုံကကို အနုပညာဆန်တာ။ သစ်သားစားပွဲ၊ကုလားထိုင်လေးတွေပေါ် ထိုင်ပြီးတဲ့ အထိ ကိုယ်တို့မှာ ခေါင်းခါခါ လည်ခါခါ၊ မြင်မြင်သမျှက ပြုစားထားသလိုမျိုး။
Menu ကြည့်တော့ coffee မျိုးစုံရတယ်၊ iced coffee ရတယ်၊ juices တွေ ရတယ်။ လက်ဖက်သုပ်၊ပဲခြမ်းသုပ်စတာမျိုးရတယ်၊ ကြက်ကြော်၊ sandwich စတာမျိုးလည်း ရတယ်။ ဈေးတွေလည်း ချိုတယ်။ အလင်းဆိုင်ကော်ဖီဆိုတာ စမ်းသောက်ကြည့်ကြ။ coffee တစ်ခွက်နဲ့ ကိုငှက်သီချင်းတွေနဲ့ ပျော်ဝင်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းနေနေကြ။
ပြီးတော့မှ သေချာ ဆိုင်တစ်ပတ်ပတ်ကြည့်ပြီး ခံစား၊ တစ်ချို့ဟာတွေက ဓာတ်ပုံရိုက်ဖို့ မဟုတ်၊ ဒီတိုင်း ရင်သပ်ရှုမောခံစားနေတာ ပိုကောင်းရ။ ဆရာတာရာမင်းဝေ၊ ဆရာ သစ္စာနီတို့ရဲ့ ကဗျာတွေ၊ ကိုငှက်ပုံတူ ပန်းချီတွေ၊ ကိုငှက်ရဲ့ အငွေ့အသက်တွေ၊ ပန်းချီကားတွေ တစ်ချပ်ပြီး တစ်ချပ်။ ဆိုင်ထောင့်က စာအုပ်စင်လေးက စာအုပ်လည်း ယူဖတ်နိုင်၊ ဘယ်လို idea နဲ့ ဘယ်လို စေတနာမျိုးလဲ၊ ကိုယ့်မှာ ကျေးဇူးတင် အံ့သြရ။
ဆိုင်ရဲ့ ညာဘက်ခြမ်းဟာ မီးရောင်ပြာလဲ့လဲ့နဲ့ အေးစက်ညင်သာ၊ ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းဟာ သဘာဝအလင်းရောင်နဲ့ နွေးထွေးဖြာကျ။ စနေ၊တနင်္ဂနွေ မှာ တီးဝိုင်းနေရာလေးမှာ တီးကြ၊ဆိုကြသေးသတဲ့။ ဝါသနာပါတဲ့ သူတွေ အကြိုက်ပဲ။
ရှေးက ရှားပါးဇာတ်ကား ပိုစတာတွေ၊ လက်မှုပစ္စည်းတွေက ထပ်ခံစားရနိုင်တဲ့ အပိုဆု။
ကုန်ကုန်ပြောရရင်ကွယ်၊ မြို့ပြရဲ့ ဆူညံပွက်လောင်မှုတွေက ခဏပြေးချင်သူတွေအတွက် နှစ်မြုပ်ရင် နှစ်မြုပ်နိုင်သလောက် အချိန်တွေ ဘယ်လောက်ကုန်သွားမှန်း မသိစေတဲ့ နေရာတစ်ခု၊ အဲ့ဒါ အလင်းဆိုင်။

#ရိုးလူ



Friday, December 30, 2016

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။
================================================================================
Shan Kitchen ဆိုတာ ဒဂုံ (၁) ကျောင်းရှိတဲ့လမ်း နဝဒေးလမ်း၊Craft Cafe' နဲ့ မျက်နှာချင်းဆိုင်မှာပါ ။ လိပ်စာ အတိအကျဆိုရင်တော့
26/4 Nawaday Street, Dagon Township
Yangon, Myanmar လို့ ပြောထားတယ်ဗျ။ မနက် ၈နာရီကနေ ည၁၀နာရီအထိ ဖွင့်ပါတယ်တဲ့။
ကျွန်တော်တို့ရောက်တဲ့ အချိန်က နေ့လည်စာနဲ့ ညနေစာချိန်ဆိုတော့ Heavy
ကြီး မမှာဖြစ်ဘဲ မြီးရှည်တစ်ပွဲ၊ ငါးထမင်းနယ်တစ်ပွဲနဲ့ သူတို့ recommend ပေးတဲ့ ကြက်ရေခွံကြော်မှာစားဖြစ်တယ်။ ဒါတောင် ဟင်းထုပ်တို့၊ စိတ်ဝင်စားစရာ မေမြို့ကော်ဖီတို့ ထပ်မှာချင်သေးတာ။ မီးပျက်နေလို့ တစ်ချို့ဟာတွေ မရဘူးတဲ့။ :3
မြီးရှည်ကတော့ ကောင်းတယ်ဗျာ။သွားရင် မြီးရှည်လေးတော့ စားကြည့်စေချင်တယ်။ သူ့အနှစ်နဲ့ သူအနေတော်ပဲ။ အသားတွေလည်း များများပါတယ်။ တစ်ပွဲစားပြီး နောကတစ်ပွဲ စားချင်လာတာမျိုး။ :D
ငါးထမင်းနယ်ကတော့ ပုံမှန်ပဲ။ ကျွန်တော့်ပါးစပ်ထဲ နည်းနည်းပေါ့နေသလိုတောင် ခံစားရ။ ထမင်းလည်း များတယ်။ Recommend လုပ်ပေးထားတဲ့ ကြက်ရေခွံကြော်ကတော့ ကောင်းတယ်ဆိုတဲ့ အထဲ ပါတယ်၊ အရမ်းကြီး ဒါ မှ ဒါ တမ်းတမ်းစွဲလောက်တော့ မဟုတ်ဘူးပေါ့လေ။ စားပျော်တယ်။
ဈေးကတော့ တန်တယ်ဗျို့ ။ အဲ့ဒါ သုံးပွဲနဲ့ ရေသန့်တစ်ဗူးမှာတာမှ ၇,၀၀၀ ကျော်လောက်ပဲ ကျတယ်။ သူ့နေရာ၊သူ့အဆိုင်အပြင်အဆင်၊ သူ့ အရသာနဲ့ဆို တန်တာပေါ့။မှာထားပြီး စောင့်ရတဲ့ အချိန်လည်း မကြာတော့ ဗိုက်ဆာနေတုန်း သွားစားဖို့ သင့်တော်တဲ့ ဆိုင်ထဲမှာလည်း ပါတယ်။ ဝန်ထမ်းလေးတွေကလည်း ဖော်ရွေကြတယ်။
ကျွန်တော်ကတော့ နောက်တစ်ကြိမ်သွားပြီး ဟင်းထုပ်နဲ့ မေမြို့ကော်ဖီ၊ သူတို့ ပြောတဲ့ ငါးသံပုရာပေါင်းရော ထပ်စားကြည့်ဖို့ စိတ်ကူးထားတယ်။ ကိုယ့်လို အစားသမားတွေလည်း ဒီနေရာကပဲ လက်တို့လိုက်တယ်နော်။ ဈေးတွေ ကြည့်ရအောင်လည်း Menu ပါ တင်ပေးလိုက်တယ်ဗျ။

Shan Kitchen
==========
Taste ***
Price ****
Service ****
Hygiene ****
Place ***









Monday, December 12, 2016

Easy Cafe က ကြက်ဥကြော်

မနေ့က ကျွန်တော်လူတစ်ယောက်ကို ညစာမစားဘူး၊ diet လုပ်မယ်လို့လည်း ပြောခဲ့တယ်။ တကယ်လည်း စားချင်စိတ်မရှိခဲ့ဘူး။ ဒါမယ့် Easy café က လက်ရာကောင်းတွေနဲ့ တွေ့တော့ ဆုံးဖြတ်ချက်တွေ ကျိုးရတာပဲ။
ဒါတောင် ထူးထူးဆန်းဆန်းတွေ စားတာ မဟုတ်ဘူးရယ်။ ထမင်းနဲ့ လက်ဖက်သုပ်လေးရယ်၊ ကြက်ဥကြော်နဲ့ Fried chicken လေးနဲ့ အချိုပွဲ brownie လေးပဲ။
ထမင်းနဲ့ လက်ဖက်သုပ်
စချလာတုန်းက အထင်မကြီးဘူး၊ ဒီလို ဆိုင်လေးတွေက ဒါမျိုး မကောင်းတတ်ဘူးဆိုပြီး။ စစားကြည့်တော့ လက်ဖက်အရသာပြည့်ပြည့်ဝဝနဲ့ စားကောင်းတယ်ဗျ။
ကြက်ဥကြော်
ဒီကြက်ဥကြော်ကတော့ ချလာသမျှထဲ အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်။ Fluffy လိုမျိုးလည်း မဟုတ်ဘဲ ကြက်ဥကို ကြက်သွန်မိတ်နဲ့ မုန်လာဥနီနဲ့ ကြော်တာ။ အတော်ကောင်းတယ်ဗျ။ ကျွန်တော့်လို မုန်လာဥနီမကြိုက်တဲ့ သူတောင် အိမ်မှာ အဲဒီလို ပြန်ကြော်စားဖို့ထိ စိတ်ကူးမိတယ်။
နောက်တစ်ခုကတော့ ကြက်သားကြော်။ ကြက်သားကြော်ကတော့ အကြော်မှုန့်နဲ့ ကပ်ကြော်ထားသလိုမျိုး သာမန်ပါပဲ။ Crispy & Juicy ပေါ့။
Brownie ကတော့ အချိုပွဲပေါ့။ ကျွန်တော်က Brownie စားနေကျ မဟုတ်တော့ ဒီဆိုင်ကမှ ပိုကောင်းပါတယ်လို့တော့ မပြောတတ်ဘူးဗျ။ ဒါပေမယ့် စားလို့တော့ အဆင်ပြေတယ်။
ခြုံပြောရရင် Easy café ဟာ နေရာလေးလည်း ကျဉ်းပေမယ့် မိုက်တယ်။ အစားအသောက် Menu တွေကလည်း ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော်ပြောနိုင်တယ်။

ကျန်ခဲ့လို့ဗျာ။ Easy Caféက နာနတ်တောလမ်းပေါ်မှာဗျ၊ရွှေလာတို့၊ရွှေကောင်းတို့နဲ့ နီးနီးနားနားပဲ။


ရိုးလူ



Friday, December 2, 2016

နဝဒေးလမ်းနဲ့ ယောက်လမ်းတဝိုက်က အစားအသောက်ဆိုင်လေးတွေ

လူက ဝိတ်သာ ချချင်နေတာ ခုတလော အစားအသောက်ဘက်ပဲ ဓာတ်ကျနေလို့ :D
ရန်ကုန်မြို့ထဲ နဝဒေးလမ်းနဲ့ ယောက်လမ်းက အစားအသောက်ဆိုင်လေးတွေ အကြောင်း ရေးလိုက်ပါဦးမယ်။ အစားအသောက်အကြောင်း ချဲ့ရေးမှာ မဟုတ်ဘဲ ဘယ်ဆိုင်မှာ ဘာကောင်းတယ်နဲ့ ဘယ်နေရာလောက်ပဲပေါ့နော်။ နဝဒေးလမ်းနဲ့ ယောက်လမ်းဘက် တောက်လျှောက်စားသွားရအောင်လို့။
ဒဂုံ ၁ ကျောင်းရှေ့က စမယ်လေ။
၁။ ကျောင်းရှေ့မှာ အော်ကွေ့ကျီ၊ အာလူးကြော်၊ထူးထူးဆန်းဆန်း ပိန်းဥကြော်လေးပါ တွဲရောင်းတယ်။ စားကောင်းတယ်။
၂။ သူ့ရှေ့မှာ ငါးဖယ်အစာသွပ်နဲ့ သင်္ဘောသီးသုပ်ဆိုင်လည်း ရှိတယ်၊စပ်တော့ စပ်တယ်၊ ကောင်းတယ်ဆိုတာမျိုး။
၃။ မုန့်ဟင်းခါးဆိုင်လေးတွေကတော့ နဝဒေးလမ်းတောက်လျှောက်ပဲ၊ ဘယ်ဆိုင်စားစားကောင်းတာမျိုး။
၎။ ကျေါင်းရှေ့နားပဲ တုတ်ထိုးဆိုင် ၂ ဆိုင်ရှိတယ်။ ပုဇွန်ခွက်ကြော်သုပ်ရတဲ့ ဆိုင်က ပိုကောင်းတယ်ဗျ။
၅။ စားသောက်ပြီးရင် အချိုတည်းဖို့ သာခွေယိုင်တို့၊သာကူတို့ ရောင်းတဲ့ ဆိုင်လေး ကျောင်းရှေ့ အကျော်နားလေးမှာ ဝင်ဆွဲလိုက်ဦး။
၆။ နည်းနည်းဆက်ဆင်းသွားရင် ကော်ပြန့်စိမ်း၊ကော်ပြန့်ကြော်ရောင်းတဲ့ ဆိုင်ရှိသေးတယ်၊သန့်လည်းသန့် ကောင်းလည်း ကောင်းတယ်။
၇။ လမ်းဘေးဆိုင်လေးတွေ ပြီးတော့ ဆိုင်ကြီးတွေလာပြီ။ ခုနာမည်ကြီးလာတဲ့ Rice & Noodle ဆိုင်လေး ကျောင်းရှေ့မှာရှိတယ်။ သူတို့ရဲ့ ပင်လယ်အိုးဟင်းပွဲဆိုတာ သွားမြည်းစမ်းကြည့်ဖို့ပါ။
၈။ ကုန်းထက် ကြက်ဆီထမင်းလည်း ရှိသေးတယ်ဗျ။
၉။ ကုန်းထက်နဲ့ နှစ်ဆိုင်ကျော်ကျော်လောက်မှာ iTea ဆိုင်ရှိတယ်ဗျ၊ Kim pot ဆိုတာ ရတယ်၊ သွားစားကြည့်။
၁၀။ ပြီးရင် ကြားထဲမှာ ရှမ်းခေါက်ဆွဲဆိုင်ပိစိလေး ရှိသေးတယ်။ မနက်ပိုင်း တို့ဟူးနွေးအရမ်းကောင်းတယ်၊ တစ်ပွဲမှ ၅၀၀ပဲ၊စွန်းတန်၊ ရှယ်ကောင်း။
၁၁။ နည်းနည်းထပ်လျှောက်လာရင် နာမည်ကြီး Ahjumma Kitchen လေ၊ ကိုရီးယားအစားအစာ ကောင်းကောင်းရတယ်ဗျ။
၁၂။ မိတ်ဆွေတို့ အကြိုက် Shwe La Shabu Shabu Hotpot ပါရှိသေးတယ်၊ဒါကတော့ အထူးညွှန်းစရာလိုမယ်မထင်။ Shwe La ရှေ့က ကြက်ကြော်ဆိုင်ပိစိလေးလည်း မမေ့ပါနဲ့။ စားကောင်းလို့ လက်တို့တာ။
၁၃။သြော်.. မေ့တော့မလို့ Ahjumma ဘေးမှာ Chilli Pot မာလာရှမ်းကောဆိုင်လေး ရှိသေးတယ်၊မာလာဟင်းနဲ့ ဆီချွမ်စတိုင် ဟင်းတွေ ရောင်းတဲ့ဆိုင်ပါ။
၁၄။ ပြီးရင်တော့ Aung Mingalar ရှမ်းခေါက်ဆွဲဆိုင်ပါ။ သူတို့ဆီက အမဲလုံးခေါက်ဆွဲတို့ အသားလုံးခေါက်ဆွဲတွေ ကောင်းပါတယ်။
၁၅။ တစ်ဖက်လမ်းကူးလိုက်ရင်တော့ သုခရိပ်လက်ဖက်ရည်ဆိုင်ပါ။ မနက်ပိုင်းထိုင်တာ ပိုကောင်းပါတယ်။
၁၆။ ဗိုလ်ရာညွန့်လမ်းနဲ့ နဝဒေးလမ်းထောင့်မှာတော့ Craft Cafe ရှိပါတယ်။ သူ့ဆီက Toast လေးတွေ စားပြီး Wifi အေးအေးလူလူထိုင်သုံးရမယ့် နေရာလေးပေါ့။
၁၇။ Craft ရှေ့ ကားလမ်းကူးရင်တော့ Fatman Bar & Grill ဆိုင်လေး ရှိတယ်ဗျ၊ သူတို့ ဆီမှာတော့ Steak နဲ့ ဘီယာအေးအေးလေး၊ Liquor Shot လေးတွေ မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။
၁၈။ ကဲ! ဒီဘက်ပြန်ရောက်လာတော့ Potato Break ပါ၊ အာလူးကြိုက်တဲ့ သူတွေ သိပြီးသား။
၁၉။ အဲ့ရှေ့မှာ စိမ့်မုန့်တိုက်ရှိတယ်ဗျ၊ သူတို့ရဲ့ Home made အရသာ sandwich လေးတွေကတော့ ဟိုးငယ်ငယ်တည်းက ခုထိ မရိုးဘူး။
၂၀။ ဗိုလ်ရာညွန့်လမ်းပေါ်ထပ်ရှိတဲ့ ဆိုင်ကတော့ Tummour ပါ.. ကွေ့တီယိုလေးတွေ ဆက်စားလို့ ရတာပေါ့ဗျာ။
၂၁။ Tummour ကို ကျော်သွားရင်တော့ Shiawase ဆိုတဲ့ Sushi ဆိုင်လေးရှိတယ်။
၂၂။ Sushi ဆိုင်လေးရှေ့မှာတော့ ကျွန်တော် တစ်ခါရေးဖူးတဲ့ ဗိုလ်ရာညွန့်လမ်းပေါ်က ကျွန်တော့် Favorite တုတ်ထိုးဆိုင်ပါ။
၂၃။ ယောက်လမ်းဘက်ကို ချိုးလိုက်ရင်တော့ Peri Peri Charcoal Chicken ဆိုင်ရှိသေးတယ်။:)
၂၄။ ရွှေတိဂုံဘုရားလမ်းဘက်ကို ဦးတည်ပြီး နည်းနည်းထပ်လျှောက်သွားရင်တော့ Golden Pho ဆိုတဲ့ Vietnam ဆိုင်လေး ရှိသေးတယ်ဗျာ။
ဒီလောက်ဆို အဲဒီနားတစ်ဝိုက် တော်တော်စုံလောက်ပြီ ထင်ပါတယ်၊ ကျန်ခဲ့တဲ့ ဆိုင်လေးတွေ ရှိသေးတယ်ဆိုပေမယ့် ဒီဆိုင်လေးတွေပဲ အရင် ကုန်အောင် ပတ်ကြည့်ပါဦးဗျာ။ ကိုယ့်လို Food lover တွေလည်း ရှိသေးတဲ့ ဆိုင်လေးတွေ ထပ်ညွှန်းပေးကြပါဦး။

Monday, October 31, 2016

ဗိုလ်ရာညွန့်လမ်းက ရှယ်ကောင်းတန်တဲ့ ဝက်သားဒုတ်ထိုးဆိုင်လေး

ဗိုလ်ရာညွန့်လမ်းက ရှယ်ကောင်းတန်တဲ့ ဝက်သားဒုတ်ထိုးဆိုင်လေး
=============================================



မအားတဲ့ကြားက စားညွှန်းသောက်ညွှန်းလေး ရေးလိုက်ပါဦးမယ်။ :D
ဘဝမှာ မြင်တာနဲ့ မစားရမနေနိုင်တာ ဝက်သားဒုတ်ထိုးနဲ့ ပုရစ်ကြော်ပဲ ရှိတယ်။ ဒီနေ့လည်း စွန်းအလုပ်ရှုပ်နေတဲ့ ကြားက ကိစ္စရှိလို့ ဗိုလ်ရာညွန့်လမ်းဘက် ထွက်လာရင်း ဝင်စားဖြစ်တဲ့ တုတ်ထိုးဆိုင်ရှယ်ကောင်းလေး အကြာင်းလက်တို့ ချင်လို့ပါ။
အဲ့ဆိုင်လေးကို တွေ့တာကြာနေပေမယ့် ဒီနေ့မှပဲ ဝင်စားဖြစ်တော့တယ်။ ကိုယ်သွားတာ နည်းနည်းစောတော့ ခုံလေးလည်း ရတော့ အိုကေတာပေါ့နော်။
ကဲ ! ဘာတွေရလဲက စမယ်။ တုတ်ထိုးကို မစုံမလင် မဟုတ်ဘဲ အစုံအလင်ကို ရတယ် ကိုယ့်ဆရာတို့ရေ။ ဘဲဥတို့ ဘာတို့ ကျတော့ တချို့ဆိုင်တွေမှာ မရတော့ပေမယ့် ဒီဆိုင်မှာတော့ ရသေးတယ်။ အူပွ၊အူချို၊အူပိတ်၊နားရွက်၊ အချင်းတိုင်၊ အာခေါင်၊ နို့အုံသား၊နှလုံး၊လျှာ၊ အသည်း၊သရက်ရွက်၊အသွေး အို.. အကုန်ရတယ်ဗျာ။
အရသာ.. အရသာကတော့ မြေနီကုန်း အဖိုးကြီးတုတ်ထိုး သိတယ်မလား၊ သူ့အရသာနီးနီးကို ကောင်းတာဗျာ။ ကျွန်တော်က တုတ်ထိုးမြင် အငမ်းမရပေမယ့် အရသာလည်း အရမ်းခံစားပြီး စားတာဆိုတော့ မကောင်းရင် တစ်ကြိမ်ပဲ၊ဒီဆိုင်ကတော့ အမြဲနီးပါးသွားစားဖြစ်မယ့် ဆိုင်ထဲမှာ ပါတယ်။ အချဉ်လည်း မိုက်တယ်။ အရည်တော့ သောက်လို့ မရဘူးဗျ။ ပြုတ်ရည်မဟုတ်ပဲ၊အဆီပေါ့။ အဲ့မှာ ထမင်းလေး မှာပြီး အရည်ဆမ်းစားလို့ ရသေးတယ်ဗျ။
မပါမဖြစ် ဈေးနှုန်းလာပါပြီဗျာ။ တကယ် အရမ်းတန်တယ်ဗျာ။ လက်နှစ်လုံးလောက် အကြီးကြီးတွေ လှီးပြီး တစ်ချောင်းမှ ၁၀၀ ပဲဗျ၊ ချိုးထားတာမှ ၁၅၀ ထဲဗျ။ ဒါလည်း နို့အုံသားတို့ ဘာတို့မှပါ။ အဝစားတာတောင် ၃၀၀၀ ကျော်ပဲ ကျတယ်။အဖိုးကြီး တုတ်ထိုးအရသာကို စွန်းတန်ပြီး အကြီးကြီးတွေ လှီးထားတာ ဆိုတော့ စားရတာ အားရတာပေါ့ဗျာ။
နေရာကတော့ ယောက်လမ်းနဲ့ နဝဒေးလမ်းကြား ဗိုလ်ရာညွန့်လမ်းပေါ်မှာ Japan Ramen ခေါက်ဆွဲဆိုင်လေးရှိတယ်ဗျ၊ သူ့ရှေ့တည့်တည့်မှာပဲ။ ဆိုင်လေးက အုပ်အုပ်လေးဆိုတော့ သေချာတော့ ရှာဗျ။ ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီလောက်က စမလား မသိဘူး၊ သေချာမမေးလိုက်မိလို့ဗျာ။ နောက်တစ်ခါမှ သေချာမေးထားမယ်။
ကဲ! ကိုယ့်လို တုတ်ထိုးချစ်သူလေးတွေလည်း ကြုံရင် မြန်မြန် ဒိုးလိုက်တော့ဗျာ၊ တကယ်ကို ကောင်းလို့ ပြောတာပါ။