Sunday, January 8, 2017

မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

==============================
နှစ်ယောက်ပေါင်းရေးမယ့် အိပ်မက်တွေ ရှိတယ်။
ဘယ်လိုဝေးဝေး၊ ဘယ်လို ခြားခြား 
ငါတို့ဟာ တစ်ချိန်မှာတော့ တသားတည်းပါပဲ။
မနက်ခင်းရဲ့ ကော်ဖီတစ်ခွက်လို၊
သိပ်ကောင်းတဲ့ စာတစ်ရွက်လို
ငါတို့တွေ တစ်ယောက်ကို တစ်ယောက် နှစ်ခြိုက်စွဲလမ်းစွာ မော့သောက်ဖတ်ရှုကြ။
ဘဝချင်း ဝေးသွားတဲ့ အခါ အရာရာဝေးသွားနိုင်တယ်လို့ ထင်ပါသလား။
မှားပါတယ်။
စိတ်အလိုအရဆို ကောင်းကင်မှာ တူစုံလင်းတဲ့ ကြယ်လည်း ဖြစ်နိုင်ရဲ့။
မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

Wednesday, January 4, 2017

Paradox (1)

Paradox (1)
ချစ်လားမေးရင်
မချစ်ဘူးလို့ ကောက်ကာငင်ကာ ဖြေထည့်ပစ်လိုက်တာချည်း။
ဟုတ်ကဲ့။
ဒီလိုနည်းနဲ့ ကျွန်တော် သူ့ကို အကြိမ်ကြိမ်သတ်ခဲ့ပါတယ်။
#ရိုးလူ

Friday, December 30, 2016

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။
================================================================================
Shan Kitchen ဆိုတာ ဒဂုံ (၁) ကျောင်းရှိတဲ့လမ်း နဝဒေးလမ်း၊Craft Cafe' နဲ့ မျက်နှာချင်းဆိုင်မှာပါ ။ လိပ်စာ အတိအကျဆိုရင်တော့
26/4 Nawaday Street, Dagon Township
Yangon, Myanmar လို့ ပြောထားတယ်ဗျ။ မနက် ၈နာရီကနေ ည၁၀နာရီအထိ ဖွင့်ပါတယ်တဲ့။
ကျွန်တော်တို့ရောက်တဲ့ အချိန်က နေ့လည်စာနဲ့ ညနေစာချိန်ဆိုတော့ Heavy
ကြီး မမှာဖြစ်ဘဲ မြီးရှည်တစ်ပွဲ၊ ငါးထမင်းနယ်တစ်ပွဲနဲ့ သူတို့ recommend ပေးတဲ့ ကြက်ရေခွံကြော်မှာစားဖြစ်တယ်။ ဒါတောင် ဟင်းထုပ်တို့၊ စိတ်ဝင်စားစရာ မေမြို့ကော်ဖီတို့ ထပ်မှာချင်သေးတာ။ မီးပျက်နေလို့ တစ်ချို့ဟာတွေ မရဘူးတဲ့။ :3
မြီးရှည်ကတော့ ကောင်းတယ်ဗျာ။သွားရင် မြီးရှည်လေးတော့ စားကြည့်စေချင်တယ်။ သူ့အနှစ်နဲ့ သူအနေတော်ပဲ။ အသားတွေလည်း များများပါတယ်။ တစ်ပွဲစားပြီး နောကတစ်ပွဲ စားချင်လာတာမျိုး။ :D
ငါးထမင်းနယ်ကတော့ ပုံမှန်ပဲ။ ကျွန်တော့်ပါးစပ်ထဲ နည်းနည်းပေါ့နေသလိုတောင် ခံစားရ။ ထမင်းလည်း များတယ်။ Recommend လုပ်ပေးထားတဲ့ ကြက်ရေခွံကြော်ကတော့ ကောင်းတယ်ဆိုတဲ့ အထဲ ပါတယ်၊ အရမ်းကြီး ဒါ မှ ဒါ တမ်းတမ်းစွဲလောက်တော့ မဟုတ်ဘူးပေါ့လေ။ စားပျော်တယ်။
ဈေးကတော့ တန်တယ်ဗျို့ ။ အဲ့ဒါ သုံးပွဲနဲ့ ရေသန့်တစ်ဗူးမှာတာမှ ၇,၀၀၀ ကျော်လောက်ပဲ ကျတယ်။ သူ့နေရာ၊သူ့အဆိုင်အပြင်အဆင်၊ သူ့ အရသာနဲ့ဆို တန်တာပေါ့။မှာထားပြီး စောင့်ရတဲ့ အချိန်လည်း မကြာတော့ ဗိုက်ဆာနေတုန်း သွားစားဖို့ သင့်တော်တဲ့ ဆိုင်ထဲမှာလည်း ပါတယ်။ ဝန်ထမ်းလေးတွေကလည်း ဖော်ရွေကြတယ်။
ကျွန်တော်ကတော့ နောက်တစ်ကြိမ်သွားပြီး ဟင်းထုပ်နဲ့ မေမြို့ကော်ဖီ၊ သူတို့ ပြောတဲ့ ငါးသံပုရာပေါင်းရော ထပ်စားကြည့်ဖို့ စိတ်ကူးထားတယ်။ ကိုယ့်လို အစားသမားတွေလည်း ဒီနေရာကပဲ လက်တို့လိုက်တယ်နော်။ ဈေးတွေ ကြည့်ရအောင်လည်း Menu ပါ တင်ပေးလိုက်တယ်ဗျ။

Shan Kitchen
==========
Taste ***
Price ****
Service ****
Hygiene ****
Place ***









Sunday, December 18, 2016

66 D

ပုဒ်မ ၆၆ ဃ ပြောပြောနေကြပေမယ့် သေချာသိအောင်လို့ပါ။ပုဒ်မ ၆၆ (ဃ) ဆိုတာ ဆက်သွယ်ရေးဥပဒေပုဒ်မပါ။ အောက်က ပုံပါအချက်အလက် တစ်ခုခုနဲ့ညိရင် ၆၆ ဃနဲ့ စွဲလို့ ရပါတယ်။ အရေးအကြီးဆုံးအချက်တွေက -
၁။ အပြစ်ရှိ၊မရှိ မသေချာသေးပဲ/ခုခံချေပခွင့်မရှိပဲ အချုပ်ထဲ အရင်တန်းဝင်ရနိုင်ပါတယ်။
၂။ ရဲအရေးပိုင်တဲ့ အမှုပါ။
၃။ တရားလိုက တိုင်မှ မဟုတ်ပါဘူး၊ ကြားလူက ဝင်ရောက်တိုင်ကြားလို့ ရပါတယ်။
၎။ ပုဒ်မ ၆၆ (ဃ) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်{သုံးနှစ်ထက်မပိုသောထာင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။}
အဲဒီတော့ သတိကြီးကြီးထားပါ။ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍လို့ ဆိုထားတဲ့ အတွက် ကိုယ့်ဘာသာ ကိုယ့် Facebook ပေါ် ရေးလိုက်တယ်ဆိုပေမယ့် တာဝန်ယူမှု တာဝန်ခံမှု ရှိမှ တင်တာ အကောင်းဆုံးပါလို့။


Facebook မှာ status တွေကို နောက်ခံအရောင်လေးတွေနဲ့ ခုပဲ တင်လို့ ရပြီဗျ။

Facebook မှာ status တွေကို နောက်ခံအရောင်လေးတွေနဲ့ ခုပဲ တင်လို့ ရပြီဗျ။

Status တင်ဖို့ နှိပ်လိုက်ရင် ဘယ်ဘက်အောက်ထောင့်မှာ ကာလာရောင်စုံအဝိုင်းလေးကို နှိပ်ပြီး ရွေးရတာပါ။

Check this out!!




Monday, December 12, 2016

Messenger Features အသစ်တွေနဲ့ My Day Function အသစ်

မင်္ဂလာပါဗျာ။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ နည်းပညာတိုးတက်လာလိုက်တာ အခုဆို Facebook Messenger တောင် အရင်နဲ့ မတူတဲ့ features အသစ်လေးတွေ ပါလာပါပြီ။ Messenger ကနေ ပုံလေးတွေကို အလှဆင် doodleတွေ ဆွဲပြီး ချက်ချင်းပို့လို့ရပါပြီ ခင်ဗျ။ ဒါ့အပြင် ကိုယ့်ဓာတ်ပုံလေးတွေကို တစ်ရက်တာ တင်ထားလို့ ရပြီး ဘယ်သူလာကြည့်လဲပါ ကြည့်လို့ ရတဲ့ My day ဆိုတဲ့ function လေးကိုပါ တွဲပြီး ပါလာတာပါ။ အသေးစိတ်ကိုတော့ ပုံလေးတွေ ထောက်ကြည့်ပေးပါဦး။


Hello,Hi, Love စသည်ဖြင့် ရိုက်လိုက်တာနဲ့ စာသားဘေးမှာ ဒီလို camera icon လေးပေါ်လာမှာပါ။


Smiley ပုံလေးကို နှိပ်လိုက်ရင်တော့ ဒီလို ကိုယ်ကြိုက်တဲ့ Frameလေးတွေ၊အရုပ်လေးတွေ ရွေးလို့ရပါပြီ။
Aa ဆိုတာလေး နှိပ်ပြီးတော့လည်း စာထပ်ရေးလို့ ရပါသေးတယ်။ ဘေးက မျဉ်းကွေးလေးကတော့ doodle ပါ၊ ပုံပေါ်မှာ စာဝိုင်းပြတာတို့၊အရုပ်ထပ်ဆွဲတာတို့ လုပ်နိုင်ပါသေးတယ်။
အခုလို ရွေးချယ်ပြီးသွားရင်တော့ ပို့ရုံပါပဲဗျာ

ဒါကတော့ My day functionပါ။ အရင်လို ကိုယ့်သူငယ်ချင်းတွေဆီ ပို့ရုံမက ကိုယ်ကြိုက်တဲ့ ပုံရှိရင်လည်း send My Day လုပ်ပြီး တစ်ရက်တာ မျှဝေလို့ ရပါတယ်။ ဘယ်သူတွေ လာကြည့်လဲပါ သိရဦးမှာနော် 

ရိုးလူ


Easy Cafe က ကြက်ဥကြော်

မနေ့က ကျွန်တော်လူတစ်ယောက်ကို ညစာမစားဘူး၊ diet လုပ်မယ်လို့လည်း ပြောခဲ့တယ်။ တကယ်လည်း စားချင်စိတ်မရှိခဲ့ဘူး။ ဒါမယ့် Easy café က လက်ရာကောင်းတွေနဲ့ တွေ့တော့ ဆုံးဖြတ်ချက်တွေ ကျိုးရတာပဲ။
ဒါတောင် ထူးထူးဆန်းဆန်းတွေ စားတာ မဟုတ်ဘူးရယ်။ ထမင်းနဲ့ လက်ဖက်သုပ်လေးရယ်၊ ကြက်ဥကြော်နဲ့ Fried chicken လေးနဲ့ အချိုပွဲ brownie လေးပဲ။
ထမင်းနဲ့ လက်ဖက်သုပ်
စချလာတုန်းက အထင်မကြီးဘူး၊ ဒီလို ဆိုင်လေးတွေက ဒါမျိုး မကောင်းတတ်ဘူးဆိုပြီး။ စစားကြည့်တော့ လက်ဖက်အရသာပြည့်ပြည့်ဝဝနဲ့ စားကောင်းတယ်ဗျ။
ကြက်ဥကြော်
ဒီကြက်ဥကြော်ကတော့ ချလာသမျှထဲ အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်။ Fluffy လိုမျိုးလည်း မဟုတ်ဘဲ ကြက်ဥကို ကြက်သွန်မိတ်နဲ့ မုန်လာဥနီနဲ့ ကြော်တာ။ အတော်ကောင်းတယ်ဗျ။ ကျွန်တော့်လို မုန်လာဥနီမကြိုက်တဲ့ သူတောင် အိမ်မှာ အဲဒီလို ပြန်ကြော်စားဖို့ထိ စိတ်ကူးမိတယ်။
နောက်တစ်ခုကတော့ ကြက်သားကြော်။ ကြက်သားကြော်ကတော့ အကြော်မှုန့်နဲ့ ကပ်ကြော်ထားသလိုမျိုး သာမန်ပါပဲ။ Crispy & Juicy ပေါ့။
Brownie ကတော့ အချိုပွဲပေါ့။ ကျွန်တော်က Brownie စားနေကျ မဟုတ်တော့ ဒီဆိုင်ကမှ ပိုကောင်းပါတယ်လို့တော့ မပြောတတ်ဘူးဗျ။ ဒါပေမယ့် စားလို့တော့ အဆင်ပြေတယ်။
ခြုံပြောရရင် Easy café ဟာ နေရာလေးလည်း ကျဉ်းပေမယ့် မိုက်တယ်။ အစားအသောက် Menu တွေကလည်း ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော်ပြောနိုင်တယ်။

ကျန်ခဲ့လို့ဗျာ။ Easy Caféက နာနတ်တောလမ်းပေါ်မှာဗျ၊ရွှေလာတို့၊ရွှေကောင်းတို့နဲ့ နီးနီးနားနားပဲ။


ရိုးလူ