Friday, December 30, 2016

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။
================================================================================
Shan Kitchen ဆိုတာ ဒဂုံ (၁) ကျောင်းရှိတဲ့လမ်း နဝဒေးလမ်း၊Craft Cafe' နဲ့ မျက်နှာချင်းဆိုင်မှာပါ ။ လိပ်စာ အတိအကျဆိုရင်တော့
26/4 Nawaday Street, Dagon Township
Yangon, Myanmar လို့ ပြောထားတယ်ဗျ။ မနက် ၈နာရီကနေ ည၁၀နာရီအထိ ဖွင့်ပါတယ်တဲ့။
ကျွန်တော်တို့ရောက်တဲ့ အချိန်က နေ့လည်စာနဲ့ ညနေစာချိန်ဆိုတော့ Heavy
ကြီး မမှာဖြစ်ဘဲ မြီးရှည်တစ်ပွဲ၊ ငါးထမင်းနယ်တစ်ပွဲနဲ့ သူတို့ recommend ပေးတဲ့ ကြက်ရေခွံကြော်မှာစားဖြစ်တယ်။ ဒါတောင် ဟင်းထုပ်တို့၊ စိတ်ဝင်စားစရာ မေမြို့ကော်ဖီတို့ ထပ်မှာချင်သေးတာ။ မီးပျက်နေလို့ တစ်ချို့ဟာတွေ မရဘူးတဲ့။ :3
မြီးရှည်ကတော့ ကောင်းတယ်ဗျာ။သွားရင် မြီးရှည်လေးတော့ စားကြည့်စေချင်တယ်။ သူ့အနှစ်နဲ့ သူအနေတော်ပဲ။ အသားတွေလည်း များများပါတယ်။ တစ်ပွဲစားပြီး နောကတစ်ပွဲ စားချင်လာတာမျိုး။ :D
ငါးထမင်းနယ်ကတော့ ပုံမှန်ပဲ။ ကျွန်တော့်ပါးစပ်ထဲ နည်းနည်းပေါ့နေသလိုတောင် ခံစားရ။ ထမင်းလည်း များတယ်။ Recommend လုပ်ပေးထားတဲ့ ကြက်ရေခွံကြော်ကတော့ ကောင်းတယ်ဆိုတဲ့ အထဲ ပါတယ်၊ အရမ်းကြီး ဒါ မှ ဒါ တမ်းတမ်းစွဲလောက်တော့ မဟုတ်ဘူးပေါ့လေ။ စားပျော်တယ်။
ဈေးကတော့ တန်တယ်ဗျို့ ။ အဲ့ဒါ သုံးပွဲနဲ့ ရေသန့်တစ်ဗူးမှာတာမှ ၇,၀၀၀ ကျော်လောက်ပဲ ကျတယ်။ သူ့နေရာ၊သူ့အဆိုင်အပြင်အဆင်၊ သူ့ အရသာနဲ့ဆို တန်တာပေါ့။မှာထားပြီး စောင့်ရတဲ့ အချိန်လည်း မကြာတော့ ဗိုက်ဆာနေတုန်း သွားစားဖို့ သင့်တော်တဲ့ ဆိုင်ထဲမှာလည်း ပါတယ်။ ဝန်ထမ်းလေးတွေကလည်း ဖော်ရွေကြတယ်။
ကျွန်တော်ကတော့ နောက်တစ်ကြိမ်သွားပြီး ဟင်းထုပ်နဲ့ မေမြို့ကော်ဖီ၊ သူတို့ ပြောတဲ့ ငါးသံပုရာပေါင်းရော ထပ်စားကြည့်ဖို့ စိတ်ကူးထားတယ်။ ကိုယ့်လို အစားသမားတွေလည်း ဒီနေရာကပဲ လက်တို့လိုက်တယ်နော်။ ဈေးတွေ ကြည့်ရအောင်လည်း Menu ပါ တင်ပေးလိုက်တယ်ဗျ။

Shan Kitchen
==========
Taste ***
Price ****
Service ****
Hygiene ****
Place ***









Sunday, December 18, 2016

66 D

ပုဒ်မ ၆၆ ဃ ပြောပြောနေကြပေမယ့် သေချာသိအောင်လို့ပါ။ပုဒ်မ ၆၆ (ဃ) ဆိုတာ ဆက်သွယ်ရေးဥပဒေပုဒ်မပါ။ အောက်က ပုံပါအချက်အလက် တစ်ခုခုနဲ့ညိရင် ၆၆ ဃနဲ့ စွဲလို့ ရပါတယ်။ အရေးအကြီးဆုံးအချက်တွေက -
၁။ အပြစ်ရှိ၊မရှိ မသေချာသေးပဲ/ခုခံချေပခွင့်မရှိပဲ အချုပ်ထဲ အရင်တန်းဝင်ရနိုင်ပါတယ်။
၂။ ရဲအရေးပိုင်တဲ့ အမှုပါ။
၃။ တရားလိုက တိုင်မှ မဟုတ်ပါဘူး၊ ကြားလူက ဝင်ရောက်တိုင်ကြားလို့ ရပါတယ်။
၎။ ပုဒ်မ ၆၆ (ဃ) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်{သုံးနှစ်ထက်မပိုသောထာင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။}
အဲဒီတော့ သတိကြီးကြီးထားပါ။ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍လို့ ဆိုထားတဲ့ အတွက် ကိုယ့်ဘာသာ ကိုယ့် Facebook ပေါ် ရေးလိုက်တယ်ဆိုပေမယ့် တာဝန်ယူမှု တာဝန်ခံမှု ရှိမှ တင်တာ အကောင်းဆုံးပါလို့။


Facebook မှာ status တွေကို နောက်ခံအရောင်လေးတွေနဲ့ ခုပဲ တင်လို့ ရပြီဗျ။

Facebook မှာ status တွေကို နောက်ခံအရောင်လေးတွေနဲ့ ခုပဲ တင်လို့ ရပြီဗျ။

Status တင်ဖို့ နှိပ်လိုက်ရင် ဘယ်ဘက်အောက်ထောင့်မှာ ကာလာရောင်စုံအဝိုင်းလေးကို နှိပ်ပြီး ရွေးရတာပါ။

Check this out!!




Monday, December 12, 2016

Messenger Features အသစ်တွေနဲ့ My Day Function အသစ်

မင်္ဂလာပါဗျာ။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ နည်းပညာတိုးတက်လာလိုက်တာ အခုဆို Facebook Messenger တောင် အရင်နဲ့ မတူတဲ့ features အသစ်လေးတွေ ပါလာပါပြီ။ Messenger ကနေ ပုံလေးတွေကို အလှဆင် doodleတွေ ဆွဲပြီး ချက်ချင်းပို့လို့ရပါပြီ ခင်ဗျ။ ဒါ့အပြင် ကိုယ့်ဓာတ်ပုံလေးတွေကို တစ်ရက်တာ တင်ထားလို့ ရပြီး ဘယ်သူလာကြည့်လဲပါ ကြည့်လို့ ရတဲ့ My day ဆိုတဲ့ function လေးကိုပါ တွဲပြီး ပါလာတာပါ။ အသေးစိတ်ကိုတော့ ပုံလေးတွေ ထောက်ကြည့်ပေးပါဦး။


Hello,Hi, Love စသည်ဖြင့် ရိုက်လိုက်တာနဲ့ စာသားဘေးမှာ ဒီလို camera icon လေးပေါ်လာမှာပါ။


Smiley ပုံလေးကို နှိပ်လိုက်ရင်တော့ ဒီလို ကိုယ်ကြိုက်တဲ့ Frameလေးတွေ၊အရုပ်လေးတွေ ရွေးလို့ရပါပြီ။
Aa ဆိုတာလေး နှိပ်ပြီးတော့လည်း စာထပ်ရေးလို့ ရပါသေးတယ်။ ဘေးက မျဉ်းကွေးလေးကတော့ doodle ပါ၊ ပုံပေါ်မှာ စာဝိုင်းပြတာတို့၊အရုပ်ထပ်ဆွဲတာတို့ လုပ်နိုင်ပါသေးတယ်။
အခုလို ရွေးချယ်ပြီးသွားရင်တော့ ပို့ရုံပါပဲဗျာ

ဒါကတော့ My day functionပါ။ အရင်လို ကိုယ့်သူငယ်ချင်းတွေဆီ ပို့ရုံမက ကိုယ်ကြိုက်တဲ့ ပုံရှိရင်လည်း send My Day လုပ်ပြီး တစ်ရက်တာ မျှဝေလို့ ရပါတယ်။ ဘယ်သူတွေ လာကြည့်လဲပါ သိရဦးမှာနော် 

ရိုးလူ


Easy Cafe က ကြက်ဥကြော်

မနေ့က ကျွန်တော်လူတစ်ယောက်ကို ညစာမစားဘူး၊ diet လုပ်မယ်လို့လည်း ပြောခဲ့တယ်။ တကယ်လည်း စားချင်စိတ်မရှိခဲ့ဘူး။ ဒါမယ့် Easy café က လက်ရာကောင်းတွေနဲ့ တွေ့တော့ ဆုံးဖြတ်ချက်တွေ ကျိုးရတာပဲ။
ဒါတောင် ထူးထူးဆန်းဆန်းတွေ စားတာ မဟုတ်ဘူးရယ်။ ထမင်းနဲ့ လက်ဖက်သုပ်လေးရယ်၊ ကြက်ဥကြော်နဲ့ Fried chicken လေးနဲ့ အချိုပွဲ brownie လေးပဲ။
ထမင်းနဲ့ လက်ဖက်သုပ်
စချလာတုန်းက အထင်မကြီးဘူး၊ ဒီလို ဆိုင်လေးတွေက ဒါမျိုး မကောင်းတတ်ဘူးဆိုပြီး။ စစားကြည့်တော့ လက်ဖက်အရသာပြည့်ပြည့်ဝဝနဲ့ စားကောင်းတယ်ဗျ။
ကြက်ဥကြော်
ဒီကြက်ဥကြော်ကတော့ ချလာသမျှထဲ အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်။ Fluffy လိုမျိုးလည်း မဟုတ်ဘဲ ကြက်ဥကို ကြက်သွန်မိတ်နဲ့ မုန်လာဥနီနဲ့ ကြော်တာ။ အတော်ကောင်းတယ်ဗျ။ ကျွန်တော့်လို မုန်လာဥနီမကြိုက်တဲ့ သူတောင် အိမ်မှာ အဲဒီလို ပြန်ကြော်စားဖို့ထိ စိတ်ကူးမိတယ်။
နောက်တစ်ခုကတော့ ကြက်သားကြော်။ ကြက်သားကြော်ကတော့ အကြော်မှုန့်နဲ့ ကပ်ကြော်ထားသလိုမျိုး သာမန်ပါပဲ။ Crispy & Juicy ပေါ့။
Brownie ကတော့ အချိုပွဲပေါ့။ ကျွန်တော်က Brownie စားနေကျ မဟုတ်တော့ ဒီဆိုင်ကမှ ပိုကောင်းပါတယ်လို့တော့ မပြောတတ်ဘူးဗျ။ ဒါပေမယ့် စားလို့တော့ အဆင်ပြေတယ်။
ခြုံပြောရရင် Easy café ဟာ နေရာလေးလည်း ကျဉ်းပေမယ့် မိုက်တယ်။ အစားအသောက် Menu တွေကလည်း ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော်ပြောနိုင်တယ်။

ကျန်ခဲ့လို့ဗျာ။ Easy Caféက နာနတ်တောလမ်းပေါ်မှာဗျ၊ရွှေလာတို့၊ရွှေကောင်းတို့နဲ့ နီးနီးနားနားပဲ။


ရိုးလူ



မာရ်နတ်ယန္တရား

"မာရ်နတ်ယန္တရား"

                                                    ===========
ဝီ………………ဝီ ……………..ဝီ….။ တဝီဝီနှင့် သဲ့သဲ့လေး…၊ပြီးတော့ ပထမဆုံးကြားလိုက်ရသည့် အသံ။ တိုးတိုးတစ်မျိုး….ကျယ်ကျယ်တစ်မျိုး..၊ပျောက်သွားလိုက် .. ပေါ်လာလိုက် ။
ဟုတ်သည်။ အဲဒါလေယာဉ်အင်ဂျင်စက်သံ မျိုး …။သေချာ ပြောရလျှင် လေယာဉ်တစ်စီး ပျံမတက်ခင် အင်ဂျင်စက်က ပန်ကာရွက်တို့ စတင်လည်ပတ်နေသံ..။ ကျွန်တော်ကတော့ လေယာဉ်တောင်ပံခတ်သံလို့ပဲ ခေါ်သည်။
ဟော.. ဆက်တိုက်ဆိုသလိုကို ကြားနေရပြန်ပြီ။ သို့သော် မြင်တော့ မမြင်ရ။ အသံကလည်း နားထောင်ကြည့်ရသလောက်တော့ အနီး၊ အဝေး မှန်းကြည့်၍ မရ။ သေချာသည်ကတော့.. ထိုအသံကို ဆက်တိုက် ကြားနေရခြင်းပင်။ မြင်ကွင်းက ကြည့်ရသလောက်တော့ ရှင်းနေပါသည်။ ကျွန်တော် ရောက်နေသည်က ပြေးလမ်းခပ်တိုတိုများဖြင့် ဖွဲ့စည်းထားသော ကိုယ်ပိုင်လေယာဉ်ကွင်းငယ်တစ်ခု၊။ အမောင်းသင်လေ့ကျင့်ရေး ကွင်းငယ်တောင် ဖြစ်နိုင်ပါသည်။ ကျွန်တော်က တံမြက်စည်းပင်ဟု သတ်မှတ်ထားသော အပင်များလည်း ပြေးလမ်းဘေး မြေကွက်လပ်တွေမှာ ဟိုတစ်စု၊ သည်တစ်စု ပေါက်ရောက်နေသည်။
လက်ရှိအခြေအနေမှာတော့ ဒါတွေက ကျွန်တော့် အတွက် အရေးမကြီး၊ သေသေချာချာလည်း မစေ့ငုနိုင်။ အရေးကြီးသည်က ထို လေယာဉ်ပျံကို ရှာဖို့ ဖြစ်နေပြီ။ ဘာကြောင့်လဲ။ ကျွန်တော်သိသည်မှာ ထိုလေယာဉ်နှင့် ကျွန်တော့် ချစ်သူ လိုက်ပါသွားတော့မည်။ ထွက်ခွာသွားမည်ဆိုတာ သေချာမှတော့ ဘယ်ကိုလဲ ဟု ကျွန်တော် ဆက်မတွေးချင်၊တွေးနေစရာလည်း မလိုတော့။ ဘယ်ဒေသ၊ ဘယ်နေရာ ဖြစ်ဖြစ် အရေးမကြီး။ သူမ၏ အသက်ရှူသံလေး၊ ကိုယ်ငွေ့လေးနဲ့ ဝေးသမျှသည်ပင် ကျွန်တော့် အတွက် အကွာအဝေးဖြစ်တော့သည်။ နှစ်ယောက်သား ဘေးချင်းယှဉ်၊ စကားဖောင်ဖွဲ့မိချိန်တွင်တောင်မှ သူနဲ့ ကျွန်တော့်ကြားက လက်တစ်ဖဝါးစာ အကွာအဝေးလေးကို ဆွဲကျဉ်းပစ်ချင်နေမိပြီ။ တပ်မက်စိတ်နဲ့ အထိအတွေ့ အပေါ် ခပ်ရိုင်းရိုင်းအာရုံစိုက်မှုမျိုး မဟုတ်သည်ကိုတော့ ပစ်စလက်ခတ် အာမခံရဲပါသည်။ ကျွန်တော် သူမနဲ့ နီးနိုင်သမျှ နီးနေမှ စိတ်လုံခြုံမှုဖြစ်သည်။ သူမ၏ ကိုယ်သင်းရနံ့ရနိုင်လောက်သည့် ဧရိယာ အစွန်ဆုံးထက် ကျွန်တော် လွန်ဆန်ပိုမထွက်ချင်တော့။
“အား................” တွေးရင်း တွေးရင်း အတွေးသက်သက်နှင့်ပင် ကျွန်တော့်ရင်တွေ ပူခြစ်ခြောက်ကျွမ်းတော့မလို ဖြစ်လာ၏။ မဖြစ်၊ ဝေးလို့ကတော့ လုံးဝမဖြစ်။ “ကဲ…” ကျွန်တော့် နှလုံးသားကို အဝေးသွားခွင့်မပြုဖို့ ၊ဤလေယာဉ်ကို ရှာတွေ့ဖို့ ယခု ဖြစ်နေသော အရူးမီးဝိုင်း ခံစားချက်များကို ပစ်ချပြီး ခေါင်းအေးအေးစဉ်းစားရတော့မည်။ ကျွန်တော်ရောက်နေသည်က ဤလေယာဉ်ကွင်းငယ်လေး၏ အလယ်နားလောက်၊ မြင်မိသည့် အရပ်လေးမျက်နှာစလုံး လည်း ပြေးလမ်းတိုလေးများက အမွှာမွှာ၊ အသွယ်သွယ် နေရာယူလျက်။ ဟော….တစ်ချက် ပီပီသသကြားလိုက်ရပြန်ပြီ။ အသံလားရာကြည့်မိတော့လည်း လေယာဉ်ပျံဆိုသည်ကို အရိပ်အရောင် အစအနလေးတောင် မမြင်ရသေး။ ကျွန်တော် ခြေစုံရပ်ရင်း ရူးချင်လာပြီ။ ဘယ်လမ်းကို လိုက်၍ ရှာရမည် ခုထိ မသိသေး။ အချိန်လည်း မရတော့သလို၊ မဆုံးဖြတ်တတ်တော့။ အသံကလည်း နီးလာလိုက်၊ဝေးသွားလိုက်နဲ. ကြားနေရတာ ကြာပြီ။
ကိုယ့်ကိုယ်ကို လှုံ့ဆော်.. “ကဲ…အာရုံစူးစိုက်စမ်း”။ နည်းနည်း စိတ်ငြိမ်အောင် ကြိုးစား၍ ရသည်နှင့် မသိစိတ်ကို ကျွန်တော်အလှည့်ပေးလိုက်ပြီ။“ပြေးတော့ .. ပြေး …အဲဒီ မင်းညာဘက်က ပြေးလမ်းကို သာ ရွေး” ကျွန်တော့် စိတ်ထဲ ကိုယ့်ဘာသာ ညာသံပေး၊ ကျွန်တော် စတင်ပြေးလွှားနေပြီ။
တကယ်သွေးရူးသွေးတန်းလုပ်ကြည့်တော့မှ ထိုလေယာဉ်ပြေးလမ်းများသည် ကျွန်တော် ထင်သလောက် ခရီးမနီး၊ မတို …။ မျက်စိတဆုံး ………………….. အဝေး……………... ။ ခေါင်းပေါ်မှ နေရောင်ကလည်း ကျွန်တော့်ရင်ထဲက အပူကို အားဖြည့်လျက် ပက်ပက်စက်စက် တောက်လောင်ပြနေသည်(ဟု ကျွန်တော် ထင်လာသည်) ။ အကျင့်မရှိသော လူပျော့ ကျွန်တော့်လို ကောင်အဖို့ ခြေလှမ်း ၁၀၀ တောင် မပြည့်ချင်သေး၊ ရင်ဘတ်တွေ ဆို့ကျပ်အောင့်စပြုလာပြီ၊ အသက်ရှူသံတွေ မမှန်ချင်တော့။ ပန်းတိုင်သည် ရှိမည် မရှိမည် ပင် မသေချာသော အခါ၊ ထိုပန်းတိုင်ကို ပြပြလေးပင် မမြင်ရသောအခါ မျိုးတွင် လူဆိုသည်မှာ ပို အားလျော့ တတ်သည်မဟုတ်လား။ တကယ်ပင် ခြေလှမ်းတွေ အရာမယွင်းချင်တော့။
“အရာဝတ္ထုအစက်အပြောက်လေးလေလား၊ ဟိုးရှေ့မှာ ….."။ ကျွန်တော့်ချစ်သူကို ခေါ်ဆောင်သွားမယ့် မာရ်နတ်ယန္တရားဟာ အဲ့ဒါလား”။ တစ်စုံတစ်ခုတော့ မြင်နေရပြီ..။ အပူရှိန်ကြောင့် အလင်းတံလျပ်တို့ဖြင့် ကျွန်တော့် မျက်လုံးက ဒီထက် ဆုံးဖြတ်၍ မရ။ အာရုံသိ..။ ဒါဆိုရင်တော့ သေချာပြီ…။ လေယာဉ်တစ်စင်း…ကျွန်တော့်ရဲ့ သူမ..။ အဲ့ဒီမှာ….မှားစရာမရှိတော့ပါ။
နီးတော့ နီးလာနေပြီ၊ တောင်ပံခတ်သံကလည်း ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ..။“ဟာ..” လေယာဉ်သည်လည်း ပြေးလမ်းအတိုင်း စရွေ.နေခဲ့ပြီပဲ…။နီးလာပြီ…။လေယာဉ်ကိုယ်ထည်ကိုပါ မြင်လာရပြီ။ လူ ၁၄ ယောက်လောက်သာ တင်နိုင်သော လေယာဉ်ငယ်လေး…။ အတွေးထဲမှာ ယောက်ယက်ခတ်ဆူဝေ…။“ချစ်သူရေ မင်းဘယ်သွားမှာလဲ”။ အားနာမှုနှင့် ပိတ်ဆို့နေတတ်ခဲ့သော ၊ မပြောဖြစ်ခဲ့သော စကားလုံးများ ။ “နေပါဦး…ဒီတစ်ခါ ဘယ်အရာကို မှ မထောက်ညှာတော့၊ ငါ အားမနာတော့ပါဘူး၊ အခုပြောပါရစေ…” ။ တကယ်တော့ ထိုလေယာဉ်မီလျှင်ပင်၊ ရပ်တန့်အောင် ဘာလုပ်ရမည်မှန်း မသိသော ကျွန်တော်က အခုတော့ ထိုအရာနောက်ကို အရူးတစ်ပိုင်း ပြေးလိုက်မိနေပြီ။ သူမနာမည်ကို ရော ဟစ်အော်ခေါ်မိလိုက်ပြီလား…၊လေယာဉ်စက်သံတဝီဝီကြား ကိုယ့်ဘာသာကိုယ်တောင် မသေချာတော့။
“မရတော့…၊ မရတော့ဘူးလား…”။ လေယာဉ်ဘီး မြေပေါ်က ကြွတက်သွားတာ မြင်လိုက်ရပြီ…။ “မရတော့….၊ တကယ်မဖြစ်နိုင်တော့ဘူးလား…”။ နောက်ဆုံး တစ်ချက်ကြားလိုက်ရသော ဝေါ………………… ဆိုသည့် ကျယ်လောင်စူးရှသော မြည်သံမှ တစ်ပါး…၊ဟိုးမိုးကုတ်စက်ဝိုင်းဆုံးကို ပြေးထွက်သွားသော အဖြူစက်လေး မှ တစ်ပါး.. “ကျွန်တော့်အတွက် ဘာမှ မကျန်ခဲ့တော့ဘူးလား”။
ဒူးထောက်.. အရုပ်ကြိုးပြတ် ….။သိမ်ငယ်ဝမ်းနည်းစိတ်က တစ်ကိုယ်လုံးကို အုပ်မိုးနှိပ်စက်နေပြီး..မြေပြင်ကို လက်နဲ့ ပြင်းပြင်းခတ်လိုက်မိလေသလား။ ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းလုံး စူးနစ်အောင့်မျက်မှုနှင့် ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ ချွေးစေးများ စိုထိုင်း…၊ မျက်လုံးများ ပြာဝေလာ…………နောက်…………………………………………………………မှောင်အတိကျသွား……………………။
အမှောင် ……….
……………………………………………………………………………………………………………………………………..။
“ချောက်!” အိုက်စပ်စပ်ဖြစ်နေစေသော ခြင်ထောင်ကို လှန်တင်လိုက်ပြီး ခုတင်ခေါင်းရင်းက ညအိပ်မီးကို စမ်းဖွင့်လိုက်သည်။ ကျွန်တော့် တကိုယ်လုံး လည်း ချွေးစေးများနဲ့ အေးစက်စိုစွတ်လျက်..။ ပထမဆုံး အတွေးထဲ ဝင်လာသည်က “ဘယ်လို အိပ်မက်မျိုးပါလိမ့်” ဆိုသည်ပင်။
“အိပ်မက်…ဆောင်းတွင်းအိပ်မက်..” ။ဒါပေမယ့် ကြည်လင်ပြတ်သားလွန်းနေသည်။ တွေးရင်း ရယ်စရာများကို ပြန်မြင်မိသေး၏။ ကျွန်တော်သည် အိပ်မက်ထဲတွင် ဂျိမ်းစ်ဘွန်းလို၊ တွမ်ခရုစ်လို စမတ်ကျကျပြေးနေခဲ့သည်။ သိပ်ချစ်ရပါသည်ဆိုသော ကျွန်တော့် ချစ်သူ ဆိုသည်ကိုလည်း အိပ်မက်သာ ဆုံးသွားသည် အထိ မမြင်ခဲ့ရ။ အထူးဆန်းဆုံးက လေယာဉ်ပျံကိုပင် ထည့်မက်သည်တဲ့။ အဆက်အစပ်လည်း မရှိ။ သို့သော် အိပ်မက်က ရှင်းလွန်းအားကြီးသဖြင့် တောက်လျှောက်အစအဆုံး ကြားလာရသော တဝီဝီမြည်သံကို ခုချိန်ထိ ဆက်ကြားနေရသလိုကို နားထဲတွင် ထင်ထင်ရှားရှားကြီး စွဲမြဲနေသည်။
ရေတစ်ခွက်ထသောက်ပြီးသည့်တိုင် ကျွန်တော့် အတွေးများက ရပ်မသွား၊ “ဒီအိပ်မက်ဘာလို့များ မက်ရတာလဲ။” အိပ်မက်တစ်ခုမက်ရန် စေ့ဆော်မူတော့ ရှိရမည်ဟု ထင်သည်။“အပြင်က ချစ်သူကို စွဲလမ်းမှုများသွားလို့လား။ ခွဲရမည့် နိမိတ်ကို ကြိုတင် ပြခြင်းမျိုးလား၊ အိပ်ခါနီး လေယာဉ်ပျံနှင့် ပက်သက်တာ တစ်ခုခုများ ဖတ်မိသလား”။ သေချာသည်ကတော့ နားထောင်နေကျ B.O.B ၏ Airplanes တောင် ဒီရက်ပိုင်းနားမထောင်ဖြစ်။ ပြီးတော့ အိပ်မက်ထဲတွင် တဝီဝီအသံပြီးမှ သာ လေယာဉ်ပျံ ဟု ထင်လာခြင်းမျိုးဖြစ်ပြီး ထိုတဝီဝီမြည်သံသည်ပင် နောက်ဆုံးကြားရသော အသံ ဖြစ်သည်။ ဘာတွေမှန်းလဲ တွေးမရ၊ ထိုအိပ်မက်ဖြစ်လာအောင် စေ့ဆော်မှုက ဘာလဲ၊ ဘာဖြစ်မည်လဲ ၊နိမိတ်ပဲလား။
တွေးနေရင်း ဘယ်ဘက်လက်ဖ၀ါးမှာ စေးကပ်ကပ် လို ခံစားမိ၍ မီးရောင်နား ကပ်ကာ လက်ဖဝါးကို ဖြန့်ကြည့်မိအခိုက် ….. ခြင်ထောင်မချခင် ညဦးပိုင်းထဲက မျက်စိလည်ဝင်ရောက်နေမည်ဖြစ်သော၊ သူ့အတွက် ကျွန်တော်ဟာ ညစာတစ်နပ်လေလား၊ ကံဆိုးမှုလား သူကိုယ်တိုင်တောင် ခွဲခြားသိမသွားနိုင်လောက်သော ခြင်အသေတစ်ကောင်သည် ကျွန်တော့် လက်ဖ၀ါးအလယ်တွင် ပိပိရိရိ စိစိညက်ညက်ကြေလျက်။ စေးကပ်နေသည်ကား ဤသကောင့်သား၏ သွေး၊ ကျွန်တော်၏ သွေး။
ခုတော့ ဆက်စပ်လို့ ရသွားပါပြီ။ ခုနက ပျံ့သီးနေသော ခံစားချက်၊ အိပ်မက်အထွဋ္ဋ် အထိပ်၊ ကျွန်တော်၏ နားအကြားအာရုံ ..၊ပန်ကာဒလက်.. ၊တဝီဝီမြည်သံများ နှင့် ဘယ်ဘက်လက်ဖ၀ါး။ “ဤသကောင့်သားသည် ကျွန်တော့်အတွက် လေယာဉ်တစ်စင်းနှင့် ချစ်သူတစ်ယောက်ကို အိပ်မက်ထဲထိ ဖန်ဆင်းပေးခဲ့သည်တဲ့လား။ “ဟား……………………….” အဆုံးစွန်သော ချစ်ခြင်းမေတ္တာအဖွဲ့များ၊ ရုပ်ရှင်ဆန်ဆန် ရှုခင်းများနဲ့ လူကို အလန့်တကြား နိုးစေလောက်သော ခံစားချက်များ… ။နိုးလာပြီးနောက်လည်း “နိမိတ်များလား”ဟု ပူပန်ရခြင်းများ….။ အရာရာအားလုံးသည် ဤလက်ဖဝါးပြင်အလယ်မှ တကယ့် မာရ်နတ်ယန္တရား ၏ ကျန်ရစ်ခန္ဓာကို အတွေ့တွင် တော့ မချိတင်ကဲ ရယ်သံများအဖြစ် အငွေ့ပျံ…ပျောက်ဆုံးသွားခဲ့ရ၏။
သြော်…. ဤအိပ်မက်ဆိုးမှ ကွက်တိနှိုးပေးသော ကျွန်တော်၏ ချိန်သားကိုက် ဘယ်လက်ဖဝါးအားလည်း ကျေးဇူးတင်မိပါ၏။ နို့မို့ ဒီအိပ်မက် ဘယ်ထိ နှိပ်စက်မည် မသိ။ ။
#ရိုးလူ
Photo Source : Pinterest

Friday, December 2, 2016

နဝဒေးလမ်းနဲ့ ယောက်လမ်းတဝိုက်က အစားအသောက်ဆိုင်လေးတွေ

လူက ဝိတ်သာ ချချင်နေတာ ခုတလော အစားအသောက်ဘက်ပဲ ဓာတ်ကျနေလို့ :D
ရန်ကုန်မြို့ထဲ နဝဒေးလမ်းနဲ့ ယောက်လမ်းက အစားအသောက်ဆိုင်လေးတွေ အကြောင်း ရေးလိုက်ပါဦးမယ်။ အစားအသောက်အကြောင်း ချဲ့ရေးမှာ မဟုတ်ဘဲ ဘယ်ဆိုင်မှာ ဘာကောင်းတယ်နဲ့ ဘယ်နေရာလောက်ပဲပေါ့နော်။ နဝဒေးလမ်းနဲ့ ယောက်လမ်းဘက် တောက်လျှောက်စားသွားရအောင်လို့။
ဒဂုံ ၁ ကျောင်းရှေ့က စမယ်လေ။
၁။ ကျောင်းရှေ့မှာ အော်ကွေ့ကျီ၊ အာလူးကြော်၊ထူးထူးဆန်းဆန်း ပိန်းဥကြော်လေးပါ တွဲရောင်းတယ်။ စားကောင်းတယ်။
၂။ သူ့ရှေ့မှာ ငါးဖယ်အစာသွပ်နဲ့ သင်္ဘောသီးသုပ်ဆိုင်လည်း ရှိတယ်၊စပ်တော့ စပ်တယ်၊ ကောင်းတယ်ဆိုတာမျိုး။
၃။ မုန့်ဟင်းခါးဆိုင်လေးတွေကတော့ နဝဒေးလမ်းတောက်လျှောက်ပဲ၊ ဘယ်ဆိုင်စားစားကောင်းတာမျိုး။
၎။ ကျေါင်းရှေ့နားပဲ တုတ်ထိုးဆိုင် ၂ ဆိုင်ရှိတယ်။ ပုဇွန်ခွက်ကြော်သုပ်ရတဲ့ ဆိုင်က ပိုကောင်းတယ်ဗျ။
၅။ စားသောက်ပြီးရင် အချိုတည်းဖို့ သာခွေယိုင်တို့၊သာကူတို့ ရောင်းတဲ့ ဆိုင်လေး ကျောင်းရှေ့ အကျော်နားလေးမှာ ဝင်ဆွဲလိုက်ဦး။
၆။ နည်းနည်းဆက်ဆင်းသွားရင် ကော်ပြန့်စိမ်း၊ကော်ပြန့်ကြော်ရောင်းတဲ့ ဆိုင်ရှိသေးတယ်၊သန့်လည်းသန့် ကောင်းလည်း ကောင်းတယ်။
၇။ လမ်းဘေးဆိုင်လေးတွေ ပြီးတော့ ဆိုင်ကြီးတွေလာပြီ။ ခုနာမည်ကြီးလာတဲ့ Rice & Noodle ဆိုင်လေး ကျောင်းရှေ့မှာရှိတယ်။ သူတို့ရဲ့ ပင်လယ်အိုးဟင်းပွဲဆိုတာ သွားမြည်းစမ်းကြည့်ဖို့ပါ။
၈။ ကုန်းထက် ကြက်ဆီထမင်းလည်း ရှိသေးတယ်ဗျ။
၉။ ကုန်းထက်နဲ့ နှစ်ဆိုင်ကျော်ကျော်လောက်မှာ iTea ဆိုင်ရှိတယ်ဗျ၊ Kim pot ဆိုတာ ရတယ်၊ သွားစားကြည့်။
၁၀။ ပြီးရင် ကြားထဲမှာ ရှမ်းခေါက်ဆွဲဆိုင်ပိစိလေး ရှိသေးတယ်။ မနက်ပိုင်း တို့ဟူးနွေးအရမ်းကောင်းတယ်၊ တစ်ပွဲမှ ၅၀၀ပဲ၊စွန်းတန်၊ ရှယ်ကောင်း။
၁၁။ နည်းနည်းထပ်လျှောက်လာရင် နာမည်ကြီး Ahjumma Kitchen လေ၊ ကိုရီးယားအစားအစာ ကောင်းကောင်းရတယ်ဗျ။
၁၂။ မိတ်ဆွေတို့ အကြိုက် Shwe La Shabu Shabu Hotpot ပါရှိသေးတယ်၊ဒါကတော့ အထူးညွှန်းစရာလိုမယ်မထင်။ Shwe La ရှေ့က ကြက်ကြော်ဆိုင်ပိစိလေးလည်း မမေ့ပါနဲ့။ စားကောင်းလို့ လက်တို့တာ။
၁၃။သြော်.. မေ့တော့မလို့ Ahjumma ဘေးမှာ Chilli Pot မာလာရှမ်းကောဆိုင်လေး ရှိသေးတယ်၊မာလာဟင်းနဲ့ ဆီချွမ်စတိုင် ဟင်းတွေ ရောင်းတဲ့ဆိုင်ပါ။
၁၄။ ပြီးရင်တော့ Aung Mingalar ရှမ်းခေါက်ဆွဲဆိုင်ပါ။ သူတို့ဆီက အမဲလုံးခေါက်ဆွဲတို့ အသားလုံးခေါက်ဆွဲတွေ ကောင်းပါတယ်။
၁၅။ တစ်ဖက်လမ်းကူးလိုက်ရင်တော့ သုခရိပ်လက်ဖက်ရည်ဆိုင်ပါ။ မနက်ပိုင်းထိုင်တာ ပိုကောင်းပါတယ်။
၁၆။ ဗိုလ်ရာညွန့်လမ်းနဲ့ နဝဒေးလမ်းထောင့်မှာတော့ Craft Cafe ရှိပါတယ်။ သူ့ဆီက Toast လေးတွေ စားပြီး Wifi အေးအေးလူလူထိုင်သုံးရမယ့် နေရာလေးပေါ့။
၁၇။ Craft ရှေ့ ကားလမ်းကူးရင်တော့ Fatman Bar & Grill ဆိုင်လေး ရှိတယ်ဗျ၊ သူတို့ ဆီမှာတော့ Steak နဲ့ ဘီယာအေးအေးလေး၊ Liquor Shot လေးတွေ မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။
၁၈။ ကဲ! ဒီဘက်ပြန်ရောက်လာတော့ Potato Break ပါ၊ အာလူးကြိုက်တဲ့ သူတွေ သိပြီးသား။
၁၉။ အဲ့ရှေ့မှာ စိမ့်မုန့်တိုက်ရှိတယ်ဗျ၊ သူတို့ရဲ့ Home made အရသာ sandwich လေးတွေကတော့ ဟိုးငယ်ငယ်တည်းက ခုထိ မရိုးဘူး။
၂၀။ ဗိုလ်ရာညွန့်လမ်းပေါ်ထပ်ရှိတဲ့ ဆိုင်ကတော့ Tummour ပါ.. ကွေ့တီယိုလေးတွေ ဆက်စားလို့ ရတာပေါ့ဗျာ။
၂၁။ Tummour ကို ကျော်သွားရင်တော့ Shiawase ဆိုတဲ့ Sushi ဆိုင်လေးရှိတယ်။
၂၂။ Sushi ဆိုင်လေးရှေ့မှာတော့ ကျွန်တော် တစ်ခါရေးဖူးတဲ့ ဗိုလ်ရာညွန့်လမ်းပေါ်က ကျွန်တော့် Favorite တုတ်ထိုးဆိုင်ပါ။
၂၃။ ယောက်လမ်းဘက်ကို ချိုးလိုက်ရင်တော့ Peri Peri Charcoal Chicken ဆိုင်ရှိသေးတယ်။:)
၂၄။ ရွှေတိဂုံဘုရားလမ်းဘက်ကို ဦးတည်ပြီး နည်းနည်းထပ်လျှောက်သွားရင်တော့ Golden Pho ဆိုတဲ့ Vietnam ဆိုင်လေး ရှိသေးတယ်ဗျာ။
ဒီလောက်ဆို အဲဒီနားတစ်ဝိုက် တော်တော်စုံလောက်ပြီ ထင်ပါတယ်၊ ကျန်ခဲ့တဲ့ ဆိုင်လေးတွေ ရှိသေးတယ်ဆိုပေမယ့် ဒီဆိုင်လေးတွေပဲ အရင် ကုန်အောင် ပတ်ကြည့်ပါဦးဗျာ။ ကိုယ့်လို Food lover တွေလည်း ရှိသေးတဲ့ ဆိုင်လေးတွေ ထပ်ညွှန်းပေးကြပါဦး။

ရှိဖူးတယ်


Facebook password တွေကို လုံခြုံအောင် ဘယ်လိုပေးမလဲ

”Facebook password တွေကို လုံခြုံအောင် ဘယ်လို ပေးမလဲ။"

ဒီနေ့ခေတ်လို Facebook အကောင့်ဟက်ခံရတာတွေ၊ အကောင့်လော့ကျတာတွေ မကြာခဏကြုံနေတဲ့ အခြေအနေကြီးမှာ ကျွန်တော်တို့တွေရဲ့ Facebook အကောင့်နဲ့ Password တွေကို တတ်နိုင်သမျှ လုံခြုံစိတ်ချရအောင် လုပ်ဖို့ ပါတယ်။
Facebook အကောင့်ဟတ်ခံရတယ်ဆိုတာ ပုံမှန်အားဖြင့် လုံခြုံမှုလျော့ရဲနေတဲ့ Gmail ကနေ Recovery လုပ်သွားတာမျိုး ရှိသလို၊ လွယ်ကူတဲ့ Password တွေ ပေးထားမိတဲ့ အပေါ်မှာ အသုံးချပြီး Password တွေကို တတ်နိုင်သမျှ ခန့်မှန်းရယူတဲ့နည်းနဲ့လည်း ဖောက်ယူနိုင်ပါတယ်။
အဲဒီတော့ ဒီလိုမျိုးတွေ မဖြစ်ရအောင် တတ်နိုင်သမျှ ကိုယ့်Facebook account password ကို ဖော်ရခက်အောင်၊လုံခြုံမှုမြင့်မားအောင် ဘယ်လို ပေးရမလဲဆိုတာ အကြုံပြုထားတာလေးကို တစ်ချက် ပြန်မျှဝေချင်ပါတယ်။
၁။ စိတ်ချရတဲ့ Password တစ်ခုဆိုတာ ရှည်လျားပြီး စာလုံးများ၊သင်္ကေတများ၊ဂဏန်းများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာကို ခေါ်တာပါ။ ဖြစ်နိုင်ရင် အနည်းဆုံးစာလုံးရေ ၁၄လုံးလောက်ကစပေးပါ။ အပေါ်ကလို အမျိုးစုံအောင် ပေးထားလေ၊ပိုလုံခြုံစိတ်ချရမှုရှိလေပါပဲ။
၂။ ဘယ်လောက်ပဲ လုံခြုံစိတ်ချရအောင် ပေးပါစေ၊ကိုယ်မမှတ်မိရင်လည်း အလကားပါပဲ။ ရှည်လျားရှုပ်ထွေးပေမယ့် မှတ်မိလွယ်စေမယ့် Password ဖန်တီးစေဖို့ အကြုံပြုချက်တွေကတော့-
စာကြောင်းတစ်ကြောင်း၊နှစ်ကြောင်းကို စဉ်းစားလိုက်ပါ။ အနည်းဆုံး စာလုံးရေ ၁၀လုံးခန့် ရှိတာမျိုးပေါ့။ကိုယ့်အတွက်လည်း အဓိပ္ပာယ်ရှိရပါမယ်။ ဥပမာဆိုရင်တော့..
“I always try hard to make my dreams come true.”
အဲဒီလို စဉ်းစားပြီးပြီဆိုရင်တော့ ကိုယ်စဉ်းစားထားတဲ့ စာကြောင်းရဲ့ အရှေ့စာလုံးတွေကို စီလိုက်ပါ။
ဒီလိုရပါမယ်။
Iathtmmdct (10 characters)
တစ်ချို့စာလုံးတွေကို ဒီလိုမျိုး Capital letter လုပ်လိုက်ပါဦး။
IAThTmMDCt
ရပြီဆိုရင် နည်းနည်းပိုရှည်သွားအောင် ဂဏန်းတွေ ပေါင်းထည့်ပါမယ်။ ကိုယ့်အတွက် မှတ်မိလွယ်တဲ့ ဂဏန်းနှစ်လုံးလောက်ပေါ့။
IAThTm13MDCt (12 characters)
ပုဒ်ဖြတ်၊ပုဒ်ရပ်သင်္ကေတတွေ၊ question mark စသည်ဖြင့် ထပ်ပေါင်းထည့်ပါမယ်။
?IAThTm13MDCt” (14 characters)
ဒီလောက်ဆို တော်တော်မှန်းရခက်စေတဲ့ လုံခြုံနိုင်မယ့် Password မျိုး ဖန်တီးပြီးပါပြီ၊စသုံးစွဲလို့ ရပါပြီ။
၃။ အဲ့ဒါအပြင် မသုံးစွဲခင်လည်း ကိုယ့် Password ဘယ်လောက်ခိုင်မာမှုရှိမရှိ Password checker software တွေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။
၎။ အားလုံးပြီးပြီဆိုရင်တော့ လိုရမည်ရ တစ်နေရာမှာ ချရေးထားတာ အကောင်းဆုံးပါပဲ။ သေချာတော့ သိမ်းရမှာပေါ့။
၅။ ကဲ ဒီအဆင့်ထိ ပြီးပြီဆိုရင်တေ့ ဘယ်လို Password မျိုး မပေးသင့်ဘူးဆိုတာကို ဆက်လက်အကြံပေးချင်ပါတယ်။
- အဘိဓာန်ထဲက စကားလုံးတွေ၊ အတိုကောက်စကားလုံးတွေ၊
- ၁၂၃၄၅၆၇၈၊ ၂၂၂၂၂၂၂၂၂ စတဲ့ အလွယ်တကူပေးတဲ့ နံပါတ်တွေ၊ Keyboard ပေါ်က ကိုယ်အသုံးများတဲ့ စကားလုံးတွေ (QWERTY) စသည်ဖြင့်
- ကိုယ်ရေးအချက်အလက်တွေ- ကိုယ့်ရဲ့နာမည်၊မွေးနေ့၊ ယာဉ်မောင်းလိုင်စင်နံပါတ်၊နိုင်ငံကူးလက်မှတ်နံပါတ်စတဲ့ အချက်အလက်တွေ
လုံးဝ(လုံးဝ) မပေးသင့်ပါဘူး။
ကဲ၊အပေါ်က အချက်အလက်တွေကို အသုံးပြုရင်း မိတ်ဆွေများလည်း လုံခြုံစိတ်ချရမှု မြင့်မားတဲ့ Facebook password များ ဖန်တီးနိုင်ကြပါစေ။

ရိုးလူ


စက်တင်ဘာက နာကျင်စရာများတယ်

စက်တင်ဘာက နာကျင်စရာများတယ်

=================


ည အိပ်မရဘူး။ အသက်ရှူတွေ အောင့်ထားမိတယ်။ အသက်အောင့်ထားရင်းနဲ့ အမှောင်ကမ္ဘာထဲ သိုးတွေကို ရေတွက်။ သိုးတွေဟာ မပျော်ရှာဘူး။ အလဲလဲ အကွဲကွဲ။ ခြေရင်းမှာ လေလွင့်လူအရိပ်နဲ့ ဆေးလိပ်မီးပွားတွေ တဖွားဖွား၊ခြောက်ခြောက်ခြားခြား။ မီးပြန်ဖွင့်တော့ ငါ့ကျောမှာ ရှရာထစ်ရာ။ ဆေးဖြစ်ဝါးဖြစ်သောက်တဲ့ အရက်တွေ ဆေးညွှန်းထက် ပိုအောင် သောက်မိခဲ့။
ထမင်းလုံးတစ္ဆေလား။ တစ္ဆေမလေးက ချောလိုက်တာ။ ငါ့ကို မုန်းတယ်ပြောပြီး သူ့ပါးကို နမ်းခိုင်းတယ်။ ငါ့ Hoodie ဇစ်ကို ဆွဲဖြုတ်ပြီး ရင်ညွန့်နေရာကနေ သူ့ဆေးလိပ်ကို မီးညှိသွား။
ပါးပေါ်မှာ ရေစက်တွေ။ ငါမငိုပါဘူး။ မနက်ခင်းအလင်းရောင်ခြည်ဟာ ဆောင်းလေတစ်ဝက်နဲ့ ရိုက်ခက်။ နိစ္စဓူဝအလုပ်တွေဟာ စောက်လုပ်ရှုပ်တယ်။ ဘာအပုပ်ကောင်လဲ၊အဲဒီအပုပ်ကောင်လေးကိုပဲ ငါ့မှာ မက်မောရ။ မီးဖိုဆောင်က အမေ့မေတ္တာတရားကို လှမ်းရှူ။ လူလူသူသူ ဖြစ်နိုင်တာ ဒါလေးပဲ ရှိတယ်လေ။
ကျောပိုးအိတ်ထဲက ဆေးလိပ်စတွေ ခါထုတ်၊ဒဏ်ရာတွေ ထည့်ပြီး ငါထွက်လာတယ်။ မေပယ်ရွက်တွေ မကြွေတဲ့ မြေပြင်၊ သေသေရှင်ရှင် ငါလျှောက်မှာပဲ။ ဆူးလေကို၊ဆူးလေကိုတဲ့၊ချီးညှော်အထပ်ထပ်နဲ့ ကားကြီးပေါ် ငါတက်လာပြီး လတ်ဆတ်တဲ့ လေကို တောင့်တ၊ငါဘယ်လောက်မိုက်သလဲ။
မင်းတို့က လူလား၊ထိုင်ရယ်မိတယ်။ ဓာတ်ပုံတွေထဲ မင်းဟာ ဂြိုဟ်သားလို့ ငါထင်တာ၊လက်ဆွဲနှုတ်ဆက်ရခက်၊ပါးချင်းအပ်ရခက် အခိုက်အတန့်များ။ နေ့လည်စာစားဖို့ အရက်ဆိုင်ထဲ တူတူဝင်ကြ၊ မင်းကားက ဘယ်လောက်ဆီစားကြောင်း၊ ငါ့ဖိနပ်က ဘယ်လောက် ပါးနေပြီဖြစ်ကြောင်း ငါတို့ ပြောမယ်။ ဗျစ်ရည်ဟာ မြင်မြင်ကရာကို ပိုလှစေတယ်။
နေစောင်းစပြုပြီ။ ငါ့အိတ်ထဲက ပိုက်ဆံတွေက ငါ့လိင်စိတ်ဆန္ဒကို ဖြည့်ဖို့ လုံလောက်လား ငါရေတွက်၊ ဒါမှမဟုတ် ရုံးတက်ရုံးဆင်း စကတ်ထမိန်အောက်က ခြေသလုံးသားတွေမှာ FOC ပျော်ရမလား။ သူ(မ)ကို သတိရ။ ကားထဲက အဲကွန်းလေတွေက သူမအတွက် ပို လေပိုဆန်မလား။ ဥာဏ်မမီတာတွေနဲ့ ငါ့ဦးခွံတွေ လေးနေဆဲ။
ဖုန်းခေါ်သံကြားတယ်၊ 000 သုံးလုံးနဲ့။ မျက်နှာစာအုပ်နဲ့ စာအုပ်ပေါ်က မျက်နှာတွေ တွဲမမှတ်မိ။ နေ့ရက်တွေ ပျောက်ဆုံးနေ၊ သူ့နာရေးသတင်းက ရက်စွဲကိုတော့ ငါမှတ်မိ၊ငါသိပ်ပျော်နေခဲ့တာလေ။ စကားတွေ ကရားရေလွှတ်ပြောနေခဲ့တာ။ B52 မီးတောက်နဲ့ budwiser beer၊ Don't let me down နဲ့ လေဆာlight တွေပေါ် ငါ့တကိုယ်လုံးပစ်တင်။
ကဲ လူရာဝင်ပြီ မဟုတ်လား။
ပြန်မလာချင်ဘူး မေမေ၊အိမ်သော့တွေဟာ လိန်ပိန်ကျိုးကြေ။ နယူတန်ရဲ့ Reaction law ကြီး ဘယ်သွားသေနေတုန်း။ Foodchain ဝတ်တတ်တဲ့ ကောင်မလေးနဲ့ ကျွန်တော်ပျော်နေတာ။ ကြယ်တွေအကြောင်း ပုံပြင်ပြောပြခိုင်းတော့ ကျွန်တော်ခေါင်းမော့လှန်ပြီး ရယ်ပစ်တာ။
ခေါင်းငုံ့လိုက်တော့ သစ္စာတရား အသေများ ပြန့်ကြဲ၊။ သိုးတွေ ပြန်ရောက်လာ။ မီးမပိတ်ခင်မေး၊ ပြီးခဲ့တဲ့ စက်တင်ဘာမှာ မင်းတို့ ရယ်နိုင်ခဲ့ရဲ့လား။

တောင်ဝိုင်းတောင်သွား တောလား

                                                         =======================

ရှေ့လက ဒီဇင်ဘာဆိုတော့ ခရီးသွားကြတော့မှာပေါ့နော်။ ခရီးသွားတာမှာ စိတ်အပန်းဖြေဖို့၊အနားယူဖို့ သက်သက်သွားတဲ့ ခရီးနဲ့ စွန့်စွန့်စားစားတွေ သွားချင်၊လုပ်ချင်လို့ ထွက်တဲ့ ခရီးဆိုပြီး ၂မျိုး ရှိတာမှာ၊ အချိန်လည်း သိပ်မပေးနိုင်၊ပိုက်ဆံလည်း သိပ်မကုန်ဘဲ တောင်တက်ခရီးလေးသွားချင်တယ်ဆိုရင်တော့ ခုခေတ်စားနေတဲ့၊ ကရင်ပြည်နယ်က တောင်ဝိုင်းတောင် ခရီးကို ရွေးသင့်ပါတယ်။
တောင်ဝိုင်းကို သွားမယ်ဆို ကိုယ့်အစီအစဉ်နဲ့ ကိုယ်၊ကိုယ့်ကားနဲ့ကိုယ်သွားလို့ ရသလို Tour package တွေနဲ့လည်း သွားလို့ ရပါတယ်။ ကျွန်တော်ကတော့ Tour နဲ့ပဲ သွားတာမို့ Tour နဲ့ အတွေ့အကြုံလေးတွေပဲ ပြောပြပါ့မယ်။
ဘားအံ- တောင်ဝိုင်းတောင်- - ချစ်သူမြိုင် - လွန်းညရေပြာအိုင် -ခရီးစဉ်ကို တစ်ယောက်ကို ၃၉,၀၀၀ ကျပ် ကျပါတယ်။ မနက်စာ၊နေ့လည်စာ၊ညစာ၊ကားခ၊ တစ်ဆင့်သွားကားခရေသန့်၊စနိုးတာဝါ ၊သွားတိုက်ဆေး၊သွားပွတ်တံ စတဲ့ services တွေ အကုန်အပါအပြီးအစီးပါ။
ည ၁၀နာရီမှာ ကားစထွက်ပါတယ်။ အသာလေးအိပ်လိုက်သွားပြီး ၃နာရီလောက် မောင်းပြီးသွားရင် အဆာပြေ စားဖို့ သူတို့ကားကို ၇၃မိုင်မှာ ခရီးတစ်ထောက် ရပ်ပေးပါလိမ့်မယ်။ ကျွန်တော်တို့ သွားတဲ့ အချိန်ကတော့ Super moon နဲ့ ကပ်နေတော့ အလွတ်မခံဘဲ သွက်သွက်လက်လက် မြန်မြန်စားပြီး selfie တွေ ဘာတွေ ဆင်းဆွဲကြသေးတယ်။ :D သြော်..တစ်ခုကတော့ အဲဒီ ခရီးတထောက်စားတဲ့ မုန့်ဖိုးကတော့ ကိုယ့်ဘာသာကိုယ် ရှင်းရတာပါ၊ Package ထဲမှာ မပါပါဘူး။ :3
အဲဒီကနေ ဆက်သွားပြီးတော့ မနက် ၆နာရီလောက်ဆို ဘားအံမြို့ထဲ ရောက်ပါပြီ။နောက်တစ်ကြိမ် ဝါးတီးပေါ့ဗျာ၊ဒါကတော့ Package ထဲပါတယ်ဗျ။ စားပြီးရင်တော့ တောင်ဝိုင်းသွားဖို့ ကားပြောင်းစီးရတယ်ဗျ၊ Light Truck နဲ့ပေါ့။ ဘားအံကနေ တောင်ဝိုင်းတောင်ခြေကို ၄၅မိနစ်လောက် ထပ်စီးရသေးတယ်၊ကားပေါ်မှာ ဟိုပြောဒီပြော ရှုခင်းတွေ ကြည့်၊ တကယ်ပျော်စရာကြီးပါ။
ဟော..တောင်ခြေရောက်တော့ အအေးတို့၊မုန့်တို့ ရောင်းတဲ့ ဆိုင်လေးတွေ အစီအရီရှိတယ်။ရောင်းသူမဲ့ဆိုင်လေးတွေတောင် ရှိတယ်။ ဒီမှာ အကြံပေးချင်တာက တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးဝတ်သွားပါ။ ချောတတ်တဲ့ ဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေ လုံးဝမစီးပါနဲ့။ ပါလာတဲ့ အထုပ်တွေကို ကားတွေပေါ်မှာ ထားခဲ့လို့ ရပါတယ်။ ပြီးတော့ ရေများများ တောင်ခြေကနေ ဝယ်သွားပါ။ တောင်ခုလတ်မှာ ရေရောင်းတာလေး တစ်ခုပဲ တွေ့ခဲ့လို့ပါ၊ဒါတောင် ကုန်နေပါတယ်။ ၁နာရီခွဲ၊ ၂နာရီလောက်တက်ရပါတယ်။ စအတက်မှာတင် တောင်က စမတ်ပါတယ်။ :D ၁၀ မိနစ်လောက်တက်ပြီးရင် ကိုယ့်အခြေအနေကိုယ်သိသွားကြပါပြီ။ ကိုယ်တက်နိုင်လား၊ ဒီမှာပဲ ဆင်းသင့်လားဆိုတာ။ ကျွန်တော်ကတော့ မဆင်းစေချင်ပါဘူး။ တောင်ထိပ်က ရှုခင်းက တက်ခဲ့ရသမျှ ကျေအောင် လှပါတယ်။
ကျောက်စွန်းတွေ ချောတဲ့ နေရာတွေ ရှိပါတယ်။ တချို့ မြေသားလှေကားဆံတွေက ကျဉ်းတော့ ဘေးတိုက် ဂဏန်းလို တက်ရတဲ့ နေရာတွေ ရှိပါတယ်။ သတိထားရင်တော့ အရမ်း အန္တရာယ်ဖြစ်တဲ့ နေရာထဲ မပါပါဘူး။ ကျွန်တော်တို့ကတော့ တက်သွားလိုက်တာ ရောက်ခါနီး မိနစ် ၂၀လောက်မှာ လူငယ်ပေမယ့် အသက်ထွက်မတတ်မောပါတယ် :D။ ဟော..တောင်ထိပ်ကို ရောက်ပါပြီ။ ဖြစ်နိုင်ရင် တောင်ထိပ်ကို နေမပူခင်တက်စေချင်ပါတယ်။ ကျွန်တော်တို့ ရောက်တော့ အရမ်းနေပူတော့ လူတွေ နုံးပြီး ဓာတ်ပုံတွေ ထင်သလောက် မရိုက်နိုင်တော့ဘူး။
ရှုခင်းကတော့ အရမ်းကို လှပါတယ်။ ဘုရားလည်း ဖူးရင်း၊နာမည်ကြီး မိုးပျံသံလှေကားမှာ ဓာတ်ပုံတွေ ရိုက်၊ ဟိုးအောက်ခြေက ရှုခင်းတွေက တမေ့တမော၊ အပေါ်က ကောင်းကင်ကြီးကို ခံစား၊ ငါဒါကြီးကို တက်နိုင်ခဲ့ပါလား ဂုဏ်ယူနဲ့ အလုပ်တွေ ရှုပ်နေတာပေါ့ဗျာ။
မိနစ် ၂၀၊နာရီဝက်လောက်နေပြီးရင်တော့ ပြန်ဆင်းလာကြပါတယ်။ တောင်အောက်ဆင်းဖို့လည်း ၄၅ မိနစ်၊မိနစ် ၅၀လောက် ကြာပါတယ်၊ အဆင်းပိုသတိထားပါ၊ မတ်လည်း မတ်၊ချောလည်း ချောနေလို့ပါ။
တောင်ခြေပြန်ရောက်တော့ ၁၂လောက်ရှိနေပါပြီ၊ တခြားသူတွေကိုလည်း စောင့်ရသေးတာကိုး။ အဲ့ဒါပြီးရင်တော့ ထမင်းဆိုင်သွားပါပြီ၊ ထမင်းဆိုင်ဆိုပေမယ့် ရေချိုးခန်းဘာညာ သီးသန့်ပါတဲ့အတွက် အတော်အဆင်ပြေပါတယ်။ လူတွေလည်း ပြိုင်းနေကျတာမို့ ရေချိုး၊ထမင်းစား၊၁နာရီလောက်နားပေါ့။
အဲ့ဒါပြီးရင်တော့ လွန်းညရေပြာအိုင်ရောက်ပါတယ်။ ရေပြာအိုင်ကတော့ ကျွန်တော်တို့ ရောက်တုန်းက သိပ်မပြာတော့ပါဘူး 😞။ လူလာများတာကြောင့်လို့ ပြောတယ်။ မိုးရာသီနဲ့ လူပါးချိန်ဆို ပြာပါတယ်တဲ့၊ ဒါမယ့် ဘားအံဟာ တောင်တွေ မားမားမတ်မတ်ရှိတာနဲ့ကို ရောက်ရတာ တန်ပါတယ်။
အဲ့ဒီက အပြီးမှာ ချစ်သူမြိုင်ပို့ပါတယ်၊ ဒီခရီးစဉ်မှာ မသွားလည်း ရတာ ချစ်သူမြိုင်ပါ(ကျွန်တော့်အမြင်သက်သက်)။ ချစ်သူမြိုင်ဆိုတာ အပန်းဖြေဥယျာဉ်တစ်ခုပါ။ ဘယ်လိုခံစားရလဲဆိုတော့ ရန်ကုန်မှာ Game City ဖွင့်ကာစ ရောက်လာတဲ့ လူအုပ်ကြီးကို ပြန်မြင်နေရသလိုပါပဲ 😯။ ပန်းကြိုက်တဲ့ သူတွေအတွက်တော့ သစ်ခွမျိုးစိတ်စုံ ပြထားတဲ့ ပန်းခင်းကြီး တစ်ခုလုံး ရှိပါတယ်။ ဝါသနာပါရင် ဂျက်စကီးစီးလို့ရပါတယ်၊ ပန်းခြံဝင်ကြေးနဲ့ ဂျက်စကီးစီးခစတာတွေက ကိုယ့်ဘာသာကိုယ်ပေးရမှာပါ။
အဲဒီကနေ အပြန် နောက်ဆုံးအနေနဲ့ ဘုရင့်ညီဂူပို့ပါတယ်။ Post ရှည်မှာစိုးလို့ သမိုင်းကြောင်းကို နောက်မှ ရေးပါတော့မယ်။ ဖူးစရာစေတီတွေနဲ့၊ ရေပူစမ်းလည်း ရှိတဲ့နေရာပါ။ ရေပူစမ်းကန်ကို ယောကျာ်းမိန်းမခွဲထားပါတယ်။ အဲဒီနားတဝိုက်မှာ အမှတ်တရလက်ဆောင်အရောင်းဆိုင်လေးတွေရှိပြီး လက်ဆောင်ဝယ်လို့ ရပါသေးတယ်။
အားလုံးပြီးရင်တော့ အပြန်ခရီးစပြီပေါ့ဗျာ၊ ည၉နာရီလောက်မှာ ကျိုက်ထိုက ဘဲလေးမှာ ညစာစားဖို့ ရပ်ပေးပြီး ည ၁၂လောက်ကျတော့ ရန်ကုန်ပြန်ဝင်ပါတယ်၊
ကဲ! ဘော်ဒါတို့လည်း တောင်တက်ခရီးလည်းဝါသနာပါတယ်ဆိုရင် post လေး ဖတ်ပြီး၊ ဆောင်ရန်ရှောင်ရန်လေးကြည့်ပြီး သွားကြပေါ့ဗျာ။ ပျော်စရာခရီးတစ်ခုဖြစ်မှာပါ။


Sunday, November 6, 2016

လူတိုင်းလိုနေတာ အသိအမှတ်ပြုမှုနဲ့ မေတ္တာတရားပဲ မဟုတ်လား

ကြုံလို့ ပြောပြချင်လို့ပါ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော် ဘားလမ်းနားက J donut မှာ coffee သွားဝယ်ဖြစ်တယ်ဗျ။ ဝယ်ဖြစ်တယ်ဆိုတာက ဆိုင်မှာ သောက်တာ မဟုတ်ဘဲ take away သွားဝယ်တာ။ အဲဒီမှာ အဲဒီဆိုင်က cashier ကောင်မလေးကို coffee ၅ ဗူးကို ဒီအတိုင်း ထည့်ပေးမလို လုပ်နေပေမယ့် အဲဒီက (superviso r အဆင့်လောက် ရှိမယ်လို့ ကျွန်တော်ထင်တဲ့) အစ်မတစ်ယောက်က ”အဲဒီလို ထည့်ရင် မှောက်ကုန်မှာပေါ့”ဆိုပြီး (တစ်ခါသုံးခွက်နဲ့ ထည့်ထားတဲ့) ကော်ဖီတစ်ဗူးချင်းစီရဲ့ အဖုံးတွေကို တိပ်နဲ့ နောက်တစ်ခေါက်ထပ်ပတ်၊ နှစ်ဗူးတစ်အိတ်စီ မမှောက်အောင် သေချာလုပ်ပေးလိုက်တယ်ဗျ။ ထူးခြားတာက လူကျနေတဲ့ ကြားထဲကနော်။
အဲ့ဒါနဲ့ ကျွန်တော်လည်း ”အစ်မ ခုလို သေသေချာချာထည့်ပေးတာ ကောင်းလိုက်တာဗျာ၊ကျေးဇူးအရမ်းတင်ပါတယ်”လို့ ပြောလိုက်တော့ ပထမတော့ သူကြောင်တောင်တောင်နဲ့ ကြည့်တယ်၊နောက်တော့ ပြုံးသွားလိုက်တာများဗျာ။
အဲဒီတော့ ခင်ဗျားတို့လည်း နောက်အဲဒီလိုကြုံခဲ့ရင်၊အပန်းမကြီးရင် ကျေးဇူးတင်အသိအမှတ်ပြုစကားလေး ပြောပေးခဲ့ပါလားဗျာ။ ကျွန်တော်တို့ နိုင်ငံလို customer services ကောင်းကောင်းမပေးတဲ့ နိုင်ငံမျိုးမှာ ဒီလို လုပ်ပေးတဲ့ သူတွေရှိရင် အသိအမှတ်ပြုပေးကြပါ။ နောက်ဆုံး Taxi ပဲ ငှါးစီးစီး၊ကိုယ့်ကို စေတနာပါပါနဲ့ လိုရာပို့ပေးရင် ကျေးဇူးတင်စကားလေး ပြောခဲ့လိုက်စမ်းပါ။ လူတိုင်း လိုနေတာ အသိအမှတ်ပြုမှုနဲ့ မေတ္တာတရားပဲ မဟုတ်လား။


Monday, October 31, 2016

ဗိုလ်ရာညွန့်လမ်းက ရှယ်ကောင်းတန်တဲ့ ဝက်သားဒုတ်ထိုးဆိုင်လေး

ဗိုလ်ရာညွန့်လမ်းက ရှယ်ကောင်းတန်တဲ့ ဝက်သားဒုတ်ထိုးဆိုင်လေး
=============================================



မအားတဲ့ကြားက စားညွှန်းသောက်ညွှန်းလေး ရေးလိုက်ပါဦးမယ်။ :D
ဘဝမှာ မြင်တာနဲ့ မစားရမနေနိုင်တာ ဝက်သားဒုတ်ထိုးနဲ့ ပုရစ်ကြော်ပဲ ရှိတယ်။ ဒီနေ့လည်း စွန်းအလုပ်ရှုပ်နေတဲ့ ကြားက ကိစ္စရှိလို့ ဗိုလ်ရာညွန့်လမ်းဘက် ထွက်လာရင်း ဝင်စားဖြစ်တဲ့ တုတ်ထိုးဆိုင်ရှယ်ကောင်းလေး အကြာင်းလက်တို့ ချင်လို့ပါ။
အဲ့ဆိုင်လေးကို တွေ့တာကြာနေပေမယ့် ဒီနေ့မှပဲ ဝင်စားဖြစ်တော့တယ်။ ကိုယ်သွားတာ နည်းနည်းစောတော့ ခုံလေးလည်း ရတော့ အိုကေတာပေါ့နော်။
ကဲ ! ဘာတွေရလဲက စမယ်။ တုတ်ထိုးကို မစုံမလင် မဟုတ်ဘဲ အစုံအလင်ကို ရတယ် ကိုယ့်ဆရာတို့ရေ။ ဘဲဥတို့ ဘာတို့ ကျတော့ တချို့ဆိုင်တွေမှာ မရတော့ပေမယ့် ဒီဆိုင်မှာတော့ ရသေးတယ်။ အူပွ၊အူချို၊အူပိတ်၊နားရွက်၊ အချင်းတိုင်၊ အာခေါင်၊ နို့အုံသား၊နှလုံး၊လျှာ၊ အသည်း၊သရက်ရွက်၊အသွေး အို.. အကုန်ရတယ်ဗျာ။
အရသာ.. အရသာကတော့ မြေနီကုန်း အဖိုးကြီးတုတ်ထိုး သိတယ်မလား၊ သူ့အရသာနီးနီးကို ကောင်းတာဗျာ။ ကျွန်တော်က တုတ်ထိုးမြင် အငမ်းမရပေမယ့် အရသာလည်း အရမ်းခံစားပြီး စားတာဆိုတော့ မကောင်းရင် တစ်ကြိမ်ပဲ၊ဒီဆိုင်ကတော့ အမြဲနီးပါးသွားစားဖြစ်မယ့် ဆိုင်ထဲမှာ ပါတယ်။ အချဉ်လည်း မိုက်တယ်။ အရည်တော့ သောက်လို့ မရဘူးဗျ။ ပြုတ်ရည်မဟုတ်ပဲ၊အဆီပေါ့။ အဲ့မှာ ထမင်းလေး မှာပြီး အရည်ဆမ်းစားလို့ ရသေးတယ်ဗျ။
မပါမဖြစ် ဈေးနှုန်းလာပါပြီဗျာ။ တကယ် အရမ်းတန်တယ်ဗျာ။ လက်နှစ်လုံးလောက် အကြီးကြီးတွေ လှီးပြီး တစ်ချောင်းမှ ၁၀၀ ပဲဗျ၊ ချိုးထားတာမှ ၁၅၀ ထဲဗျ။ ဒါလည်း နို့အုံသားတို့ ဘာတို့မှပါ။ အဝစားတာတောင် ၃၀၀၀ ကျော်ပဲ ကျတယ်။အဖိုးကြီး တုတ်ထိုးအရသာကို စွန်းတန်ပြီး အကြီးကြီးတွေ လှီးထားတာ ဆိုတော့ စားရတာ အားရတာပေါ့ဗျာ။
နေရာကတော့ ယောက်လမ်းနဲ့ နဝဒေးလမ်းကြား ဗိုလ်ရာညွန့်လမ်းပေါ်မှာ Japan Ramen ခေါက်ဆွဲဆိုင်လေးရှိတယ်ဗျ၊ သူ့ရှေ့တည့်တည့်မှာပဲ။ ဆိုင်လေးက အုပ်အုပ်လေးဆိုတော့ သေချာတော့ ရှာဗျ။ ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီလောက်က စမလား မသိဘူး၊ သေချာမမေးလိုက်မိလို့ဗျာ။ နောက်တစ်ခါမှ သေချာမေးထားမယ်။
ကဲ! ကိုယ့်လို တုတ်ထိုးချစ်သူလေးတွေလည်း ကြုံရင် မြန်မြန် ဒိုးလိုက်တော့ဗျာ၊ တကယ်ကို ကောင်းလို့ ပြောတာပါ။

တံခါးခေါက်ပါ၊ရပ်စောင့်ပါ (သို့) ဆဲရေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့...အဲဒီလိုသာ ရိုးရှင်းခဲ့ပါ။

တံခါးခေါက်ပါ၊ရပ်စောင့်ပါ (သို့) ဆဲရေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒီလိုသာ ရိုးရှင်းခဲ့ပါ။
===========================================================

ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ဖန်တီးခွင့်ရတဲ့ မှော်ဆရာတွေ ဖြစ်နိုင်ပါရဲ့။

ဘဝဟာ မင်းရှုပ်ထွေးစေချင်ရင် လှည့်စားမှုတွေ၊ မာယာတွေ အပြည့်နဲ့ မင်းကို ကြိုမှာ ဖြစ်သလို
အဖြောင့်အတိုင်း မြင်တတ်ရင်လည်း ဘဝဆိုတာ သိပ်စင်းလွန်းပါတယ်။

မင်းနဲ့ ကိုယ့်ကြားက ဆက်သွယ်မှုကြားမှာ ရှိနေတတ်တာ တံခါးနှစ်ချပ်တည်းရယ်ပါ။
မင်းဝင်လာချင်တယ် ထင်ရင် ကိုယ့်ဘက်က တံခါးဖွင့်ထားလိုက်မယ်။
မင်း မလာချင်ပေမယ့် ကိုယ်တွေ့ဖို့ စိတ်ပါတဲ့ အခါ
မင်းရဲ့ တံခါးဝအရောက် ကိုယ်လျှောက်လာခဲ့မယ်။ မင်းရဲ့ တံခါးကို ညင်သာဖွဖွ ခေါက်မယ်။
မဖွင့်တော့လည်း ..
ကိုယ် စောင့်နိုင်တဲ့ အထိ စောင့်မယ်။
မစောင့်နိုင်ရင် လှည့်ပြန်ခဲ့ရုံ။ မကျေနပ်ချက်ကို ဖော်ပြဖို့ အတွက်လည်း တံခါးချပ်ကို တစ်ချက်ဆော့င်ကန်ခဲ့ရုံပါပဲ။

ကိုယ့်ဘက်ကလည်း တံခါးဖွင့်ထားတာ ကြာပေမယ့် မင်းရောက်မလာတဲ့ အခါ
"အပြင်လေတွေက သိပ်အေးစက်လွန်းတယ်" အဲ့ဒီလို ဆိုပြီး တံခါးပြန်ပိတ်ထားလိမ့်မယ်။

မင်းရောက်လာချင်တဲ့ချိန်ကျမှ ရောက်လာရင်တော့ ...မင်းလည်း သူများ နည်းတူ တံခါးခေါက်ပါ၊ ရပ်စောင့်ပါ။
တခြားတစ်ယောက်မှတ်လို့ တံခါး မဖွင့်ပေးတော့တဲ့ အခါ ကိုယ့်ကို နားလည်ပါ။
ဒါမှ မဟုတ်လည်း နာနာကျင်ကျင် ဆဲရေးခဲ့ပါ။

ဒီလိုနဲ့ပဲ ကိုယ်တို့တွေ ဇာတ်လမ်း ... တံခါးနှစ်ချပ်ကို ကျောမှီရပ်ရင်း အဆုံးသတ်ကြမယ်လို့လည်း မထင်ခဲ့နဲ့။
မိုးရွာလို့ ..
နှင်းကျလို့ ....
အပြင်းဖျားလို့ ....နဲ့ အပြင်မထွက်မိတဲ့ နေ့တွေလည်း ရှိမယ်။
ဒါပေမယ့်..နေသာတဲ့ တစ်နေ့ နှစ်ယောက်လုံး စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ကြတဲ့ အခါမျိုးမှာ
အဲဒီလို ကိုယ်တို့ကြား တံခါးတွေ မခြားတော့တဲ့ အခါမျိုးမှာလည်း
ကိုယ်တို့ ပြန်ဆုံတွေ့ခွင့်ဟာ ဆက်...ရှိ..နေ..ဦး..မှာ။

ရိုးလူ

သိရက်နဲ့ကို

သိရက်နဲ့ကို
========

သိရက်နဲ့ ကို.... အညာခံခဲ့တာပါကွယ်..
မင်း..ကိုယ့်ကို လှည့်ဖြားဖို့..ခေါင်းခြောက်အောင် စဉ်းစားဖို့ မလိုပါဘူး။

ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့ မင်းအတွက်
မင်းပစ်ချသွားတဲ့ နေရာမှာ ကိုယ် ကြည်ကြည်ဖြူဖြူနေတတ်ခဲ့ပါတယ်...။
တန်ဖိုးသိတဲ့ သူက ကောက်၊ ရွှေဘုံပေါ် တင်မြှောက်လိမ့်မပေါ့...။

ဘ၀ဟာ စက်ဝိုင်းလို သံသရာမလည်တတ်ဘူးဆိုရင်တောင်
စတုရန်းဆိုလဲ ဆုံမှတ်တော့ ရှိမှာပါပဲ..။

အဲဒီကျမှ..
နောင်တတွေ တစ်ပွေ.တစ်ပိုက်နဲ. မင်းမျက်နှာကို
တစ်ချက်လောက် နမ်းမွှေး၊ ကိုယ် ကျေအေးပေးလိုက်ချင်လို့ ......။

ရိုးလူ

သစ္စာ...ဝေးလွင့်

လာကြလော့
အနောက်အရပ်က လေတို့ တိုက်ခတ်နေလေပြီ
အကျွန့်အောင်သေ အောင်သားကို မြိန်ယှက်စွာ စားကြလော့...
အကျွန့်အတွက် ပိတ်ဆို့ထားနှင့်သော ကျွန်းတံခါးညိုကြီးကို အကျွန်မဖွင့်နိုင်လင့်။
သစ္စာပန်းများ မပွင့်လန်းသော အရပ်သို့ မြန်းကြလော့။
အကျွန်သည် တစ်ယောက်သော သူအတွက် ယဇ်ပူဇော်ခံ၏။
နှစ်အသရေအသရာတိုင် အကျွန့်အသွေးအသားနှင့် လင်းပါကုန်လင့်။

Admin - Yoe Lu

ကြွေ

ငါ့မာနဟာ ပွင့်ဖတ်တွေလို ကြွေ...
ကျောက်ခက်တွေလို ကြွေ..
မျက်စိရှေ့တင် ကြွေ...
မျက်လုံးအမှိတ်မှာ ကြွေ...
ငါ့အိမ်ရှေ့မျက်နှာစာမှာ ကြွေ...
သူ့ခြေရင်းကို ကြွေ...
ဆောင်းညကြီးမှာ ကြွေ...
မလင်းတဲ့ ကြယ်လို ကြွေ...
နှာသီးဖျားလေးမှာ ကြွေ...
မျက်ဝန်းထောင့်လေးက ကြွေ...
အကြေကြေ...အမွမွနဲ့
ပြန်ဆက်လို့ ရပါ့မလား။

Admin-Yoe Lu

ချစ်သူဖတ်ဖို့ ဒိုင်ယာရီ (၃)

ချစ်သူဖတ်ဖို့ ဒိုင်ယာရီ(၃)

ခုတလောချစ်သူကဒိုင်ယာရီမဖတ်တော့ပါ..။
ကျွန်တော့်ဘက်ကလည်း ရေးဖို့ ခက်ခဲ….
နှလုံးသွေးကို မင်အဖြစ် သုံးနေရတော့ စကားလုံးတွေ တိုတောင်းရှားပါးကုန်တယ်..။

ဒီနေ့ ကျွန်တော် သူ့ကြောင့်မျက်ရည်ဝဲခဲ့ရ..
သူ့ရဲ့ ဥပေက္ခာတရားက ကျွန်တော့အတွက်တော့ ခါးလွန်းခဲ့တယ်။
"သူ့ဆီကချစ်တယ်ဆိုတာ ကြားရမှ တခုခုစားရမယ် ဆိုရင် ကျွန်တော်ငတ်သေသွားတာ ကြာလှပေါ့..။"

ကျွန်တော်လေးနက်သလောက် သူကပေါ့ပါးလွန်းတယ်..။
ကျွန်တော်က ရင်ထဲကပြောတယ်..သူက နှုတ်ခမ်းဖျားနဲ့ ရယ်တယ်…။
ကျွန်တော်က လက်မောင်းသွေးကို ဖောက်ထုတ်ပေးရင်တောင် သူက ခြေထောက် ဆေးချင် ဆေးပစ်မလားမသိ….။

စိတ်ကစားတတ်တဲ့ ကျွန်တော်ကရင်ခုန်သံအစစ်ကိုတော့ကစားလေ့ ကစားထမရှိဘူး။
သူကတော့ Player…
အသင်းအဖွဲ့တစ်ခုခုမှာဆို နည်းဗျူဟာမှူးအဆင့်…
ကျွန်တော့်မှာတော့ အရူးတစ်ပိုင်းကို ဖြစ်လို့ ....။

လူငယ်တစ်ယောက်ပါ..။
ဒါပေမယ့် အတွေးနက်တယ်..၊ ဘာကိုမဆိုတွေးတတ်တယ်..။
အချစ်ကနက်ရှိုင်းလွန်းလို့ ဥာဏ်ကိုတိမ်ချင်ယောင်ဆောင်ထားရတာ..။
တခါတလေနားက ကြားတယ်။ နှလုံးသားကမကြားဘူး။
မျက်စိက မြင်တယ်..အသိဥာဏ်ကမမြင်ဘူး..။
ဆဌမအာရုံကသိတယ်..ဆင်ခြင်တုံတရားကမသိဘူး(အိပ်ချင်ယောင်ဆောင်လေရဲ့)။

တကယ်တော့လည်း သူကျေနပ်ရင် ဒီဇာတ်လမ်းမှာကျွန်တော်ကဗီလိန်လုပ်ပြရမယ့် ကောင်ပါ။
မင်းသမီးကိုတစ်ချက်မဖက်ရပေမယ့် သေနတ်သံတစ်ချက်အကြားမှာလှလှပပသေပြတတ်ဖို့ လေ့ကျင့်နေရတယ်။
ခပ်အက်အက် ညစ်ကျယ်ကျယ်ရယ်သံတွေလည်း အတုခိုးမှားနေရတယ်..။
ဒါပေမယ့် စိတ်တော့ ချ..။ဗီလိန်မှာလည်း မာနရှိတယ်..။
မင်းသမီးနဲ. မင်းသားဇာတ်ပေါင်းခန်းရောက်မှ
"ငါမှားပါပြီကွာ..ခွင့်လွှတ်ကြပါ"လို့ ပြောမယ့် လူပေါကွက်တော့ ဘယ်တော့မှ မလုပ်ဘူး။
"ငါ မင်းတို့ကို ခွင့်လွတ်ပါတယ်" ပြောပြီး သေမယ့် လူ...။

ကျွန်တော်သိတယ်..သူ့အချစ်မှာ ဆားခပ်ဖို့ လိုနေတယ် ဆိုတာ..။
ကျွန်တော်သိတယ်..သူ့ရဲ့ ရှားပါးလှတဲ့ အားလပ်ချိန်လေးတွေ ဘယ်သူ့အတွက် ပေးအပ်နေတယ် ဆိုတာ..။
ကျွန်တော်သိတယ်..ကျွန်တော်က ဒီဇာတ်လမ်းမှာ ထမင်းဂျိုး ဟင်းဂျိုးလူတစ်ယောက်ဆိုတာ..။

ခုတလော.....အသက်ရှူတိုင်း သုံးခါမှာ တစ်ခါ အသက်ရှူကျပ်တတ်လာတယ်..။
ဆီမပါ ဆားမပါ အိပ်မက်တွေ မက်တတ်လာတယ်..။
သည်းခံခြင်းတရားတွေ အားကောင်းတတ်လာတယ်..။
ခုတလော..ချစ်သူရယ်..ဘ၀မှာ မင်းကို ချစ်တဲ့စိတ်နဲ့ နေပျော်ဖို့ ကိုယ့်ကိုယ်ကိုလည်း ဖြားယောင်းတတ်လာပါတယ်..။

ရိုးလူ
အရိပ်ပြရင် အကောင်ထင်တယ်ဆိုတဲ့ စကားကြားဖူးတယ်မလား။
offline msg ဆိုတဲ့ အရိပ်လေးပဲ ပြပါကွာ..။
ငါ့ဘေးမှာ နင်ရှိသေးတယ်ဆိုတဲ့ အဖြစ်ကို
ငါဘာသာပဲ ရှာကြံအကောင်ထင်လိုက်ပါ့မယ်.. ။

Admin-ရိုးလူ