Monday, December 12, 2016

မာရ်နတ်ယန္တရား

"မာရ်နတ်ယန္တရား"

                                                    ===========
ဝီ………………ဝီ ……………..ဝီ….။ တဝီဝီနှင့် သဲ့သဲ့လေး…၊ပြီးတော့ ပထမဆုံးကြားလိုက်ရသည့် အသံ။ တိုးတိုးတစ်မျိုး….ကျယ်ကျယ်တစ်မျိုး..၊ပျောက်သွားလိုက် .. ပေါ်လာလိုက် ။
ဟုတ်သည်။ အဲဒါလေယာဉ်အင်ဂျင်စက်သံ မျိုး …။သေချာ ပြောရလျှင် လေယာဉ်တစ်စီး ပျံမတက်ခင် အင်ဂျင်စက်က ပန်ကာရွက်တို့ စတင်လည်ပတ်နေသံ..။ ကျွန်တော်ကတော့ လေယာဉ်တောင်ပံခတ်သံလို့ပဲ ခေါ်သည်။
ဟော.. ဆက်တိုက်ဆိုသလိုကို ကြားနေရပြန်ပြီ။ သို့သော် မြင်တော့ မမြင်ရ။ အသံကလည်း နားထောင်ကြည့်ရသလောက်တော့ အနီး၊ အဝေး မှန်းကြည့်၍ မရ။ သေချာသည်ကတော့.. ထိုအသံကို ဆက်တိုက် ကြားနေရခြင်းပင်။ မြင်ကွင်းက ကြည့်ရသလောက်တော့ ရှင်းနေပါသည်။ ကျွန်တော် ရောက်နေသည်က ပြေးလမ်းခပ်တိုတိုများဖြင့် ဖွဲ့စည်းထားသော ကိုယ်ပိုင်လေယာဉ်ကွင်းငယ်တစ်ခု၊။ အမောင်းသင်လေ့ကျင့်ရေး ကွင်းငယ်တောင် ဖြစ်နိုင်ပါသည်။ ကျွန်တော်က တံမြက်စည်းပင်ဟု သတ်မှတ်ထားသော အပင်များလည်း ပြေးလမ်းဘေး မြေကွက်လပ်တွေမှာ ဟိုတစ်စု၊ သည်တစ်စု ပေါက်ရောက်နေသည်။
လက်ရှိအခြေအနေမှာတော့ ဒါတွေက ကျွန်တော့် အတွက် အရေးမကြီး၊ သေသေချာချာလည်း မစေ့ငုနိုင်။ အရေးကြီးသည်က ထို လေယာဉ်ပျံကို ရှာဖို့ ဖြစ်နေပြီ။ ဘာကြောင့်လဲ။ ကျွန်တော်သိသည်မှာ ထိုလေယာဉ်နှင့် ကျွန်တော့် ချစ်သူ လိုက်ပါသွားတော့မည်။ ထွက်ခွာသွားမည်ဆိုတာ သေချာမှတော့ ဘယ်ကိုလဲ ဟု ကျွန်တော် ဆက်မတွေးချင်၊တွေးနေစရာလည်း မလိုတော့။ ဘယ်ဒေသ၊ ဘယ်နေရာ ဖြစ်ဖြစ် အရေးမကြီး။ သူမ၏ အသက်ရှူသံလေး၊ ကိုယ်ငွေ့လေးနဲ့ ဝေးသမျှသည်ပင် ကျွန်တော့် အတွက် အကွာအဝေးဖြစ်တော့သည်။ နှစ်ယောက်သား ဘေးချင်းယှဉ်၊ စကားဖောင်ဖွဲ့မိချိန်တွင်တောင်မှ သူနဲ့ ကျွန်တော့်ကြားက လက်တစ်ဖဝါးစာ အကွာအဝေးလေးကို ဆွဲကျဉ်းပစ်ချင်နေမိပြီ။ တပ်မက်စိတ်နဲ့ အထိအတွေ့ အပေါ် ခပ်ရိုင်းရိုင်းအာရုံစိုက်မှုမျိုး မဟုတ်သည်ကိုတော့ ပစ်စလက်ခတ် အာမခံရဲပါသည်။ ကျွန်တော် သူမနဲ့ နီးနိုင်သမျှ နီးနေမှ စိတ်လုံခြုံမှုဖြစ်သည်။ သူမ၏ ကိုယ်သင်းရနံ့ရနိုင်လောက်သည့် ဧရိယာ အစွန်ဆုံးထက် ကျွန်တော် လွန်ဆန်ပိုမထွက်ချင်တော့။
“အား................” တွေးရင်း တွေးရင်း အတွေးသက်သက်နှင့်ပင် ကျွန်တော့်ရင်တွေ ပူခြစ်ခြောက်ကျွမ်းတော့မလို ဖြစ်လာ၏။ မဖြစ်၊ ဝေးလို့ကတော့ လုံးဝမဖြစ်။ “ကဲ…” ကျွန်တော့် နှလုံးသားကို အဝေးသွားခွင့်မပြုဖို့ ၊ဤလေယာဉ်ကို ရှာတွေ့ဖို့ ယခု ဖြစ်နေသော အရူးမီးဝိုင်း ခံစားချက်များကို ပစ်ချပြီး ခေါင်းအေးအေးစဉ်းစားရတော့မည်။ ကျွန်တော်ရောက်နေသည်က ဤလေယာဉ်ကွင်းငယ်လေး၏ အလယ်နားလောက်၊ မြင်မိသည့် အရပ်လေးမျက်နှာစလုံး လည်း ပြေးလမ်းတိုလေးများက အမွှာမွှာ၊ အသွယ်သွယ် နေရာယူလျက်။ ဟော….တစ်ချက် ပီပီသသကြားလိုက်ရပြန်ပြီ။ အသံလားရာကြည့်မိတော့လည်း လေယာဉ်ပျံဆိုသည်ကို အရိပ်အရောင် အစအနလေးတောင် မမြင်ရသေး။ ကျွန်တော် ခြေစုံရပ်ရင်း ရူးချင်လာပြီ။ ဘယ်လမ်းကို လိုက်၍ ရှာရမည် ခုထိ မသိသေး။ အချိန်လည်း မရတော့သလို၊ မဆုံးဖြတ်တတ်တော့။ အသံကလည်း နီးလာလိုက်၊ဝေးသွားလိုက်နဲ. ကြားနေရတာ ကြာပြီ။
ကိုယ့်ကိုယ်ကို လှုံ့ဆော်.. “ကဲ…အာရုံစူးစိုက်စမ်း”။ နည်းနည်း စိတ်ငြိမ်အောင် ကြိုးစား၍ ရသည်နှင့် မသိစိတ်ကို ကျွန်တော်အလှည့်ပေးလိုက်ပြီ။“ပြေးတော့ .. ပြေး …အဲဒီ မင်းညာဘက်က ပြေးလမ်းကို သာ ရွေး” ကျွန်တော့် စိတ်ထဲ ကိုယ့်ဘာသာ ညာသံပေး၊ ကျွန်တော် စတင်ပြေးလွှားနေပြီ။
တကယ်သွေးရူးသွေးတန်းလုပ်ကြည့်တော့မှ ထိုလေယာဉ်ပြေးလမ်းများသည် ကျွန်တော် ထင်သလောက် ခရီးမနီး၊ မတို …။ မျက်စိတဆုံး ………………….. အဝေး……………... ။ ခေါင်းပေါ်မှ နေရောင်ကလည်း ကျွန်တော့်ရင်ထဲက အပူကို အားဖြည့်လျက် ပက်ပက်စက်စက် တောက်လောင်ပြနေသည်(ဟု ကျွန်တော် ထင်လာသည်) ။ အကျင့်မရှိသော လူပျော့ ကျွန်တော့်လို ကောင်အဖို့ ခြေလှမ်း ၁၀၀ တောင် မပြည့်ချင်သေး၊ ရင်ဘတ်တွေ ဆို့ကျပ်အောင့်စပြုလာပြီ၊ အသက်ရှူသံတွေ မမှန်ချင်တော့။ ပန်းတိုင်သည် ရှိမည် မရှိမည် ပင် မသေချာသော အခါ၊ ထိုပန်းတိုင်ကို ပြပြလေးပင် မမြင်ရသောအခါ မျိုးတွင် လူဆိုသည်မှာ ပို အားလျော့ တတ်သည်မဟုတ်လား။ တကယ်ပင် ခြေလှမ်းတွေ အရာမယွင်းချင်တော့။
“အရာဝတ္ထုအစက်အပြောက်လေးလေလား၊ ဟိုးရှေ့မှာ ….."။ ကျွန်တော့်ချစ်သူကို ခေါ်ဆောင်သွားမယ့် မာရ်နတ်ယန္တရားဟာ အဲ့ဒါလား”။ တစ်စုံတစ်ခုတော့ မြင်နေရပြီ..။ အပူရှိန်ကြောင့် အလင်းတံလျပ်တို့ဖြင့် ကျွန်တော့် မျက်လုံးက ဒီထက် ဆုံးဖြတ်၍ မရ။ အာရုံသိ..။ ဒါဆိုရင်တော့ သေချာပြီ…။ လေယာဉ်တစ်စင်း…ကျွန်တော့်ရဲ့ သူမ..။ အဲ့ဒီမှာ….မှားစရာမရှိတော့ပါ။
နီးတော့ နီးလာနေပြီ၊ တောင်ပံခတ်သံကလည်း ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ..။“ဟာ..” လေယာဉ်သည်လည်း ပြေးလမ်းအတိုင်း စရွေ.နေခဲ့ပြီပဲ…။နီးလာပြီ…။လေယာဉ်ကိုယ်ထည်ကိုပါ မြင်လာရပြီ။ လူ ၁၄ ယောက်လောက်သာ တင်နိုင်သော လေယာဉ်ငယ်လေး…။ အတွေးထဲမှာ ယောက်ယက်ခတ်ဆူဝေ…။“ချစ်သူရေ မင်းဘယ်သွားမှာလဲ”။ အားနာမှုနှင့် ပိတ်ဆို့နေတတ်ခဲ့သော ၊ မပြောဖြစ်ခဲ့သော စကားလုံးများ ။ “နေပါဦး…ဒီတစ်ခါ ဘယ်အရာကို မှ မထောက်ညှာတော့၊ ငါ အားမနာတော့ပါဘူး၊ အခုပြောပါရစေ…” ။ တကယ်တော့ ထိုလေယာဉ်မီလျှင်ပင်၊ ရပ်တန့်အောင် ဘာလုပ်ရမည်မှန်း မသိသော ကျွန်တော်က အခုတော့ ထိုအရာနောက်ကို အရူးတစ်ပိုင်း ပြေးလိုက်မိနေပြီ။ သူမနာမည်ကို ရော ဟစ်အော်ခေါ်မိလိုက်ပြီလား…၊လေယာဉ်စက်သံတဝီဝီကြား ကိုယ့်ဘာသာကိုယ်တောင် မသေချာတော့။
“မရတော့…၊ မရတော့ဘူးလား…”။ လေယာဉ်ဘီး မြေပေါ်က ကြွတက်သွားတာ မြင်လိုက်ရပြီ…။ “မရတော့….၊ တကယ်မဖြစ်နိုင်တော့ဘူးလား…”။ နောက်ဆုံး တစ်ချက်ကြားလိုက်ရသော ဝေါ………………… ဆိုသည့် ကျယ်လောင်စူးရှသော မြည်သံမှ တစ်ပါး…၊ဟိုးမိုးကုတ်စက်ဝိုင်းဆုံးကို ပြေးထွက်သွားသော အဖြူစက်လေး မှ တစ်ပါး.. “ကျွန်တော့်အတွက် ဘာမှ မကျန်ခဲ့တော့ဘူးလား”။
ဒူးထောက်.. အရုပ်ကြိုးပြတ် ….။သိမ်ငယ်ဝမ်းနည်းစိတ်က တစ်ကိုယ်လုံးကို အုပ်မိုးနှိပ်စက်နေပြီး..မြေပြင်ကို လက်နဲ့ ပြင်းပြင်းခတ်လိုက်မိလေသလား။ ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းလုံး စူးနစ်အောင့်မျက်မှုနှင့် ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ ချွေးစေးများ စိုထိုင်း…၊ မျက်လုံးများ ပြာဝေလာ…………နောက်…………………………………………………………မှောင်အတိကျသွား……………………။
အမှောင် ……….
……………………………………………………………………………………………………………………………………..။
“ချောက်!” အိုက်စပ်စပ်ဖြစ်နေစေသော ခြင်ထောင်ကို လှန်တင်လိုက်ပြီး ခုတင်ခေါင်းရင်းက ညအိပ်မီးကို စမ်းဖွင့်လိုက်သည်။ ကျွန်တော့် တကိုယ်လုံး လည်း ချွေးစေးများနဲ့ အေးစက်စိုစွတ်လျက်..။ ပထမဆုံး အတွေးထဲ ဝင်လာသည်က “ဘယ်လို အိပ်မက်မျိုးပါလိမ့်” ဆိုသည်ပင်။
“အိပ်မက်…ဆောင်းတွင်းအိပ်မက်..” ။ဒါပေမယ့် ကြည်လင်ပြတ်သားလွန်းနေသည်။ တွေးရင်း ရယ်စရာများကို ပြန်မြင်မိသေး၏။ ကျွန်တော်သည် အိပ်မက်ထဲတွင် ဂျိမ်းစ်ဘွန်းလို၊ တွမ်ခရုစ်လို စမတ်ကျကျပြေးနေခဲ့သည်။ သိပ်ချစ်ရပါသည်ဆိုသော ကျွန်တော့် ချစ်သူ ဆိုသည်ကိုလည်း အိပ်မက်သာ ဆုံးသွားသည် အထိ မမြင်ခဲ့ရ။ အထူးဆန်းဆုံးက လေယာဉ်ပျံကိုပင် ထည့်မက်သည်တဲ့။ အဆက်အစပ်လည်း မရှိ။ သို့သော် အိပ်မက်က ရှင်းလွန်းအားကြီးသဖြင့် တောက်လျှောက်အစအဆုံး ကြားလာရသော တဝီဝီမြည်သံကို ခုချိန်ထိ ဆက်ကြားနေရသလိုကို နားထဲတွင် ထင်ထင်ရှားရှားကြီး စွဲမြဲနေသည်။
ရေတစ်ခွက်ထသောက်ပြီးသည့်တိုင် ကျွန်တော့် အတွေးများက ရပ်မသွား၊ “ဒီအိပ်မက်ဘာလို့များ မက်ရတာလဲ။” အိပ်မက်တစ်ခုမက်ရန် စေ့ဆော်မူတော့ ရှိရမည်ဟု ထင်သည်။“အပြင်က ချစ်သူကို စွဲလမ်းမှုများသွားလို့လား။ ခွဲရမည့် နိမိတ်ကို ကြိုတင် ပြခြင်းမျိုးလား၊ အိပ်ခါနီး လေယာဉ်ပျံနှင့် ပက်သက်တာ တစ်ခုခုများ ဖတ်မိသလား”။ သေချာသည်ကတော့ နားထောင်နေကျ B.O.B ၏ Airplanes တောင် ဒီရက်ပိုင်းနားမထောင်ဖြစ်။ ပြီးတော့ အိပ်မက်ထဲတွင် တဝီဝီအသံပြီးမှ သာ လေယာဉ်ပျံ ဟု ထင်လာခြင်းမျိုးဖြစ်ပြီး ထိုတဝီဝီမြည်သံသည်ပင် နောက်ဆုံးကြားရသော အသံ ဖြစ်သည်။ ဘာတွေမှန်းလဲ တွေးမရ၊ ထိုအိပ်မက်ဖြစ်လာအောင် စေ့ဆော်မှုက ဘာလဲ၊ ဘာဖြစ်မည်လဲ ၊နိမိတ်ပဲလား။
တွေးနေရင်း ဘယ်ဘက်လက်ဖ၀ါးမှာ စေးကပ်ကပ် လို ခံစားမိ၍ မီးရောင်နား ကပ်ကာ လက်ဖဝါးကို ဖြန့်ကြည့်မိအခိုက် ….. ခြင်ထောင်မချခင် ညဦးပိုင်းထဲက မျက်စိလည်ဝင်ရောက်နေမည်ဖြစ်သော၊ သူ့အတွက် ကျွန်တော်ဟာ ညစာတစ်နပ်လေလား၊ ကံဆိုးမှုလား သူကိုယ်တိုင်တောင် ခွဲခြားသိမသွားနိုင်လောက်သော ခြင်အသေတစ်ကောင်သည် ကျွန်တော့် လက်ဖ၀ါးအလယ်တွင် ပိပိရိရိ စိစိညက်ညက်ကြေလျက်။ စေးကပ်နေသည်ကား ဤသကောင့်သား၏ သွေး၊ ကျွန်တော်၏ သွေး။
ခုတော့ ဆက်စပ်လို့ ရသွားပါပြီ။ ခုနက ပျံ့သီးနေသော ခံစားချက်၊ အိပ်မက်အထွဋ္ဋ် အထိပ်၊ ကျွန်တော်၏ နားအကြားအာရုံ ..၊ပန်ကာဒလက်.. ၊တဝီဝီမြည်သံများ နှင့် ဘယ်ဘက်လက်ဖ၀ါး။ “ဤသကောင့်သားသည် ကျွန်တော့်အတွက် လေယာဉ်တစ်စင်းနှင့် ချစ်သူတစ်ယောက်ကို အိပ်မက်ထဲထိ ဖန်ဆင်းပေးခဲ့သည်တဲ့လား။ “ဟား……………………….” အဆုံးစွန်သော ချစ်ခြင်းမေတ္တာအဖွဲ့များ၊ ရုပ်ရှင်ဆန်ဆန် ရှုခင်းများနဲ့ လူကို အလန့်တကြား နိုးစေလောက်သော ခံစားချက်များ… ။နိုးလာပြီးနောက်လည်း “နိမိတ်များလား”ဟု ပူပန်ရခြင်းများ….။ အရာရာအားလုံးသည် ဤလက်ဖဝါးပြင်အလယ်မှ တကယ့် မာရ်နတ်ယန္တရား ၏ ကျန်ရစ်ခန္ဓာကို အတွေ့တွင် တော့ မချိတင်ကဲ ရယ်သံများအဖြစ် အငွေ့ပျံ…ပျောက်ဆုံးသွားခဲ့ရ၏။
သြော်…. ဤအိပ်မက်ဆိုးမှ ကွက်တိနှိုးပေးသော ကျွန်တော်၏ ချိန်သားကိုက် ဘယ်လက်ဖဝါးအားလည်း ကျေးဇူးတင်မိပါ၏။ နို့မို့ ဒီအိပ်မက် ဘယ်ထိ နှိပ်စက်မည် မသိ။ ။
#ရိုးလူ
Photo Source : Pinterest

No comments:

Post a Comment